အခိုင်မြဲဆုံးသော မိတ်ဆွေ မိမိတို့လက်ထဲမှ အိပ်မက် (မြန်မာ့အလင်း)



စာအုပ်များသည် အငြိမ်သက်ဆုံးနှင့် အခိုင်မြဲဆုံးသော မိတ်ဆွေများဖြစ်သကဲ့သို့ အနီးဆုံးတွင် ရှိနေသည့် ပညာဉာဏ်အကြီးဆုံး အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည်။ ထို့အပြင်၎င်းတို့သည် စိတ် အရှည်ဆုံးသော ဆရာများလည်း ဖြစ်ကြသေးသည်ဟု ချားလ်စ်ဝီလျံအဲလိယပ်အမည်ရှိ ပညာရှိ တစ်ဦးကဆိုသည်။ ၎င်း၏ အဆိုအမိန့်က စာမဖတ်သေးသူများကို စာဖတ်လာကြစေရန် တိုက်တွန်း နေခြင်းဖြစ်သလို စာအုပ်များမှ မည်သည့်အရာများ ရရှိနိုင်သည်ကို ပြောပြနေသည့် သဘောဟူ၍လည်း ယူဆနိုင်သည်။

 

ကျောင်းနေအရွယ်ရောက်သည်နှင့် အခြေခံပညာကို သူငယ်တန်းမှစ၍သင်ယူကြရာ ဒုတိယတန်းခန့် ရောက်လျှင် စာကြောင်းအချို့၊ စာပိုဒ်အချို့ကို အထိုက်အလျောက်ရေးနိုင်၊ ဖတ်နိုင်လာကြပြီဖြစ်သည်။ မိသားစုဝင်ငွေများသည့်နိုင်ငံများ၊ ဝင်ငွေအသင့်အတင့်ရှိသည့် နိုင်ငံများတွင်မူ အရွယ်တိုင်း၊ အတန်း တိုင်းနှင့်ကိုက်ညီသည့် ဖတ်စရာစာအုပ်များကို ကလေးများ စိတ်ဝင်စားကြသည့် အကြောင်းအရာ၊ ရုပ်ပုံစုံလင်စွာဖြင့် အရောင်စုံအသွေးစုံ လှပစွာထုတ်ဝေကြသလို ဝယ်ယူ၍ သား သမီးများကို ဖတ်ရှုစေပြီး စာဖတ်သည့်အလေ့အကျင့်ကို ပြုစု ပျိုးထောင်ပေးကြသည်။ မိမိတို့စိတ်ဝင်စားသည့် အကြောင်းအရာ၊ ဝါသနာပါသည့် ဘာသာရပ်များမှစကာ အကြောင်းအရာစုံ တို့ကို အသက်အရွယ် အလိုက် အစဉ်တစိုက်ဖတ်ရှုကြခြင်းအားဖြင့် ပို၍အရည်အချင်းပြည့်စုံကောင်းမွန်သူတစ်ဦး ဖြစ်လာ သည်။ ထို့ကြောင့်ပင် စာမဖတ်သူထက် စာဖတ်သူက ခေါင်းတစ်လုံးပိုမြင့်သည်ဟု ဆိုကြခြင်းဖြစ်သည်။

 

မျက်မှောက်ခေတ်ကာလတွင် အင်တာနက်သုံးစွဲမှု များပြားလာပြီး အွန်လိုင်းမီဒီယာများတွင် စာပေ ဖတ်ရှုနိုင်သည်ဟု ဆိုသော်ငြားလည်း အဆိပ်အတောက်ကင်းသည့်စာ၊ မိမိဘဝအတွက် အကျိုး ဖြစ်ထွန်းစေနိုင်မည့် စာကောင်းပေမွန်တို့ကို ရွေးချယ်ဖတ်ရှုနိုင်ကြရန်လိုသည်။ စာအုပ်စာပေ လူ့မိတ်ဆွေဟု ဆိုရာတွင် မိတ်ကောင်းဆွေကောင်းသည်သာ မိတ်ဆွေဖွဲ့ရန် သင့်တော်သကဲ့သို့ စာကောင်းပေကောင်းသည်သာ လူ့မိတ်ဆွေ ဖြစ်နိုင်သည်။ မိမိတို့၏ငွေကြေး၊ အချိန်စသည်တို့ အကုန်အကျခံ ၍ ဖတ်ရှုကြရသည့် စာအုပ်စာပေများသည် အကျိုးမပြုသည့် စာအုပ်စာပေများ၊ အကျိုးယုတ်စေသည့် စာအုပ်စာပေများ မဖြစ်ရန် ရွေးချယ်ဖတ်ရှုကြပါမှ ငွေကြေးနှင့်အချိန်တို့ ကုန်ရကျိုး နပ်ကြမည်ဖြစ်သည်။

 

မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များအရ စာတတ်မြောက်မှု ရာခိုင်နှုန်းမှာ ၉၂ ရာခိုင်နှုန်းခန့်ရှိသည်။ သို့ရာတွင် ၎င်းတို့အများစုမှာ မူလတန်း ပညာကိုသာ တတ်မြောက်ကြခြင်းဖြစ်ပြီး ကျောင်းနေအရွယ် ကျော်လွန်သွားကြသူများလည်းဖြစ်သည်။ စာတတ်သူများ ဖြစ်ကြသည့်တိုင် အတန်းပညာနိမ့်ကျနေခြင်းကြောင့် ပညာရေး အားနည်းချက်များ ဖြစ်ပေါ်လျက်ရှိရာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက် လိုအပ်သော အဖိုးတန်သည့် လူ့စွမ်းအားအရင်းအမြစ်ရရှိနိုင်ရန် အခက်အခဲဖြစ်ပေါ်နိုင်သည်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာ ပြည့်စုံကြွယ်ဝသည့် လူသား အရင်းအမြစ်ကောင်းများ မဖြစ်မနေ လိုအပ်သည့်အလျောက် နိုင်ငံသူ၊ နိုင်ငံသားတိုင်း ပညာတတ်များ ဖြစ်စေရန် မြေတောင်မြှောက်ပေးဖို့လိုသည်။ အမျိုးသားပညာရေး မြင့်မားအောင် မြှင့်တင်ပေးခြင်းနှင့် အတူ လူတိုင်းစာတတ်ရန်၊ စာတတ်သူတိုင်းစာဖတ်ရန် နိုင်ငံတော်က အားပေးဆောင်ရွက် လျက်ရှိရာ မိမိကိုယ်ကိုတန်ဖိုးမြှင့်သည့်အနေဖြင့် မဖြစ်မနေ စာဖတ်ကြဖို့ ထပ်ဆင့်နှိုးဆော်တိုက်တွန်းလိုသည်။

 

စာအုပ်တစ်အုပ်သည် လက်ထဲတွင် ကိုင်ထားသည့် အိပ်မက် တစ်ခု” ဟူ၍ အဆိုတစ်ခုရှိသကဲ့သို့ စိတ်ကူးအိပ်မက်ကို လက်တွေ့ အကောင်အထည်ပေါ်လာအောင် အပတ်တကုတ်ကြိုးပမ်းအကောင် အထည်ဖော်ကာ အောင်မြင်ခဲ့ကြသူတို့၏ အစဉ်အလာအတိုင်း မိမိတို့၏ အသိပညာဗဟုသုတ မိုးကုပ်စက်ဝိုင်းကျယ်ပြန့်ရေး၊ အတွေးအခေါ်ဉာဏ်ပညာမြင့်မားရေး၊ ပညာပြည့်ဝနှလုံးလှ၍ ဘဝတွင် ကြုံသမျှ အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးတို့အတွက် စာအုပ်စာပေကို စဉ်ဆက်မပြတ် ဖတ်ရှုကြရပါမည့်အကြောင်း။

No comments

Powered by Blogger.