မလေးရှားနိုင်ငံ၌ မြေပြိုမှုကြောင့် ၁၁ ဦး သေဆုံး



စက်တင်ဘာ ၁၆

 

မလေးရှားနိုင်ငံမြောက်ပိုင်း ဘော်နီယိုပြည်နယ် ဆာဘတ်ရှ်ဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း ယမန်နေ့က အတည်ပြုခဲ့သည်။

 

အဆိုပါ မြေပြိုမှုသည် ယင်းပြည်နယ်မြို့တော် ကိုတာကီနာဘာလူအနီးက ရွာတစ်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ရေကြီးရေလျှံမှုကြောင့် ထိုပြည်နယ်အတွင်းရှိ လူပေါင်း ၁၇၈၈ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ ကယ်ဆယ်ရေးစခန်း ၁၂ ခုတွင် ခိုလှုံနေရသည်ဟု လူမှုဝန်ထမ်းဦးစီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ၎င်းတို့အတွက် ယခင်ခွဲဝေပေးခဲ့သော ၁၁ သန်းအပြင် ရင်းဂစ် သန်း ၁၀ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ သန်း) ထပ်မံခွဲဝေပေးကြောင်း ကြေညာခဲ့ပြီး လိုအပ်နေသောသူများကို ကူညီရန် မလေးရှားနိုင်ငံသားများ အတူတကွပူးပေါင်းပါဝင်ရန် တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.