အိန္ဒိယနိုင်ငံ၌ ဓာတုစက်ရုံ ပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရရှိ
စက်တင်ဘာ ၁၉
အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ရှိ ဓာတုစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အလုပ်သမားတစ်ဦး သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် ထိုပြည်နယ်၏မြို့တော် မွမ်ဘိုင်း မြောက်ဘက် ကီလိုမီတာ ၁၂၀ခန့် အကွာ ပါလ်ဂဟာ ခရိုင်ရှိ စက်ရုံတွင် ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သတ္တုနှင့် အက်ဆစ် ရောစပ်ပြီး ဓာတ်ပြုမှု ပြင်းထန်သော ဖြစ်စဉ်ကြောင့် စက်ရုံအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အလုပ်သမားတစ်ဦး ယင်းနေရာမှာပင် သေဆုံးခဲ့ပြီး မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိသူနှစ်ဦးရှိကြောင်း ဒေသခံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အရာရှိတစ်ဦးဖြစ်သူ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာနှင့်အနည်းငယ်ဝေးသည့်နေရာမှာရှိသော အလုပ်သမားနှစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထိခိုက်ဒဏ်ရာရရှိသူအားလုံးကို အနီးဆုံးဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြောင်းနှင့် ပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကအမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးရန် အမိန့်ပေးထားကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments