ဂျပန်နိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု ဩဂုတ်လအတွင်း ၁၆ ရာခိုင်နှုန်းအထက် စံချိန်တင်မြင့်တက်



စက်တင်ဘာ ၁၈

ဂျပန်နိုင်ငံသို့ ဩဂုတ်လအတွင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှုအရေအတွက်သည် လွန်ခဲ့သောနှစ်အလားတူ ကာလက ခရီးသွားဝင်ရောက်မှုထက် ၁၆ ရာခိုင်နှုန်းအထက် စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သောလက ပြည်ပခရီးသွား ၃ ဒသမ ၄၂ သန်း လာရောက်လည်ပတ်မှုရှိရာ ယခင်နှစ်ကထက် ၁၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ခရီးသွားလုပ်ငန်းအဖွဲ့က ခန့်မှန်းထားသည်။

ပြည်ပခရီးသွားများဝင်ရောက်မှုတွင် တရုတ်နိုင်ငံမှခရီးသွားဝင်ရောက်မှု အများဆုံးဖြစ်ပြီး လွန်ခဲ့သောနှစ်အလားတူလကထက် ၃၆ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။  ခရီးသွားဝင်ရောက်မှုဒုတိယအများဆုံးသည် တောင်ကိုရီးယားနိုင်ငံမှဖြစ်ပြီး ၈ ဒသမ ၀ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်ဟု သိရသည်။

အမေရိကန်နိုင်ငံမှခရီးသွားဝင်ရောက်မှု ၁၁ ဒသမ ၇ ရာခိုင်နှုန်းအထက်နှင့် ကနေဒါနိုင်ငံမှခရီးသွားဝင်ရောက်မှု ၉ ဒသမ ၈ ရာခိုင်နှုန်းအထက်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

စင်ကာပူနိုင်ငံမှခရီးသွားဝင်ရောက်မှု ၁၇ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျခြင်းသည် လေကြောင်းခရီးစဉ်များလျှော့ချခြင်းကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

ကျဆင်းရသည့်အကြောင်းရင်းများတွင် လူမှုမီဒီယာနှင့် အခြားနေရာများတွင် ပျံ့နှံ့နေသည့် ယခုနှစ်နွေရာသီအတွင်း ကြီးမားသော သဘာဝဘေးတစ်ခု ဂျပန်နိုင်ငံသို့ကျရောက်မည်ဟူသော အခြေအမြစ်မရှိကောလာဟလကို ခရီးသွားလုပ်ငန်းအဖွဲ့က ကိုးကားဖော်ပြခဲ့သည်။

ဂျပန်ခရီးသွားအေဂျင်စီမှကော်မရှင်နာက အေဂျင်စီအနေဖြင့် ဒေသတွင်းနှင့် ကျေးလက်ဒေသများသို့ ခရီးသွားများကိုတက်တက်ကြွကြွဆွဲဆောင်သွားမည်ဖြစ်ပြီး မဟာဗျူဟာမြောက်မြှင့်တင်ရေးများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.