ရန်ကုန်တိုင်းဒေသကြီးတွင် မိုးစပါးလျာထားချက် ၁၁၄၈၂၂၂ ဧက၌ ကျန်ရှိသော ၃၉၂၅၈ ဧကအား ဆက်လက်စိုက်ပျိုး
ရန်ကုန် စက်တင်ဘာ ၁၄
ယခုနှစ် မိုးစပါးရာသီ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း
မိုးစပါး ၁၁၄၈၂၂၂ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ရာ၌ စိုက်ပျိုးရန်ကျန်ရှိသော ၃၉၂၅၈
ဧကအား စက်တင်ဘာလတွင် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ
သိရသည်။
စိုက်ပျိုး
၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီတွင် မိုးစပါး
၁၁၄၈၂၂၂ ဧက စိုက်ပျိုးရန်လျာထားရာ ၁၁၀၈၉၆၄ ဧက စိုက်ပျိုးပြီးဖြစ်၍ အထွက်ကောင်းမျိုး၊
အရည်အသွေးကောင်းမျိုးနှင့် ဒေသမျိုးစသည့် အုပ်စုသုံးစုမှ မျိုးစပါး ၁၈ မျိုးကို ၉၆
ဒသမ ၅၈ ရာခိုင်နှုန်း စိုက်ပျိုးထားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးကို မေလကုန်ပိုင်းတွင်
စတင်စိုက်ပျိုးလေ့ရှိပြီး သန်လျင်ခရိုင်နှင့် တိုက်ကြီးခရိုင်တို့တွင် စတင်စိုက်ပျိုးခဲ့ရာ
မိုးရာသီစတင်ချိန်စိုက်ပျိုးခဲ့သည့် သက်လတ်မျိုးစပါးများ စံကွက်ရိတ်သိမ်းရန် စောင့်ဆိုင်းနေသော
လယ်ကွက်အချို့နှင့် စပါးနှံများလှိုင်လှိုင်သီးနေသည့် စပါးခင်းများဖြင့် မိုးစပါးများ
စိမ်းစိုနေသည်။
“ မိုးစပါးစိုက်ပျိုးမှုက
စက်တင်ဘာလကုန်ရင် ရာသီပိတ်ပါပြီ။ ရာသီစချိန်မှာ စိုက်ပျိုးထားတဲ့ သက်လတ်စိုက်ခင်းအချို့ဆိုရင်
စံကွက်တွေ ရိတ်လို့ရနေပါပြီ။ တိုက်ကြီးက စပါးခင်းအချို့ဆိုရင် စပါးနှံတွေ အားကောင်းကောင်းနဲ့
သီးနေကြပါတယ်။ ယခုလမှစပြီး စိုက်နေကြတဲ့ သက်တမ်းတို စိုက်ခင်းတွေလည်းရှိတယ်။ လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ
မိုးစပါး ၁၁၄၈၂၂၂ ဧက လျာထားချက်မှာ ၉၆ ရာခိုင်နှုန်းကျော် စိုက်ပြီးနေပါပြီ။ တောင်သူတွေ
မြေဩဇာအဆင်ပြေအောင် တိုင်းဒေသကြီး အစိုးရနဲ့ ကုမ္ပဏီတွေချိတ်ဆက်ပြီး ဆောင်ရွက်ပေးနေတာရှိပါတယ်။
အထွက်နှုန်းကောင်းအောင် မြေဩဇာနည်းစနစ် မှန်ကန်စွာသုံးစွဲဖို့နဲ့ စိုက်နည်းစနစ်မှန်အောင်
လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့တာကြောင့် ယခုနှစ်မိုးစပါး လျာထားချက် အောင်မြင်မယ်လို့
မြင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး
ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောသည်။
ယခုနှစ် မိုးစပါးရာသီ၌ အထွက်ကောင်းမျိုး
များဖြစ်သည့် ဆင်းသုခ၊ မနောသုခ၊ ရာကျော်၊ ရွှေဝါထွန်း၊ ရတနာတိုး၊ ရက်(၉၀)၊ သီးထပ်ရင်၊
ဆင်းသွယ်လတ်၊ မှော်ဘီဆန်း၊ စူပါနှံကောက်၊ မှော်ဘီ(၃)၊ ပခမ်းရွှေဝါ၊ ဒဂုံ၊ နယူးဧရာမင်း၊
ကရင်မထိပ်ဆောင်း၊ GW-11၊ အရည်အသွေး ကောင်းမျိုးများဖြစ်သည့် ပေါ်ဆန်းရင်၊ ဧရာမင်း၊
ပေါ်ဆန်းမွှေး၊ မှော်ဘီ(၂)၊ အင်းမရဲဘော်၊ ဘာစမာတီနှင့် ဒေသမျိုးရင်းများ ဖြစ်သည့် ငစိန်၊
မြီးတုံး၊ ငကျွဲ၊ တောင်ပျံ၊ ဇီရာ၊ ကောက်ညှင်း စသည့် မျိုးစပါးများကို စိုက်ပျိုးထားပြီး
မိုးစပါးတစ်ဧကလျှင် တင်းရာကျော်ထွက်သော စိုက်ခင်းများလည်းရှိရာ ယမန်နှစ်က မိုးစပါး
တစ်ဧကလျှင် ပျမ်းမျှအားဖြင့် တင်း ၇၀ ကျော် ထွက်ရှိခဲ့၍ ယခုနှစ်မိုးရာသီ၌ တစ်ဧကလျှင်
၇၂ တင်းကျော်ထွက်ရှိရန် ခန့်မှန်းထားကြောင်း သိရသည်။
မိုးစပါးကို မုတ်သုံရာသီအဝင် မေလတွင်
စတင်စိုက်ပျိုး၍ စက်တင်ဘာလကုန်ပိုင်း၌ ရာသီပိတ်လေ့ရှိပြီး အောက်တိုဘာလကုန်ပိုင်း မှစ၍
ဇန်နဝါရီလအထိ စပါးသက်တမ်းပေါ် မူတည်၍ ရိတ်သိမ်းလေ့ရှိရာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း
မိုးစပါးများကို ဒဂုံမြို့သစ် ခရိုင်၊ သန်လျင်ခရိုင်၊ တွံတေးခရိုင်၊ မှော်ဘီခရိုင်၊
လှည်းကူးခရိုင်၊ တိုက်ကြီးခရိုင်၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်နှင့် အလုံခရိုင်တို့တွင်
၁၁၀၈၉၆၄ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။
သတင်း-ဥဿ
ဓာတ်ပုံ - ကိုလွင်
No comments