ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စစ်ဆေး
နေပြည်တော် စက်တင်ဘာ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က အောင်ပန်းမြို့ရှိ နယ်စပ်ဒေသ
တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးသည်
ကျောင်းအုပ်၊ သင်တန်းနည်းပြများ၊ ဝန်ထမ်းများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားပြီး
ချီးမြှင့်ငွေများ ပေးအပ်၍ ဘာသာရပ်အလိုက် လေ့ကျင့်သင်ကြားနေမှု၊ သင်ထောက်ကူပစ္စည်းများ၊
အိပ်ဆောင်၊ စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးကာ သင်တန်းသားများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။
ယင်းနောက် ဆီဆိုင်မြို့နယ် ဇဝနာရာမစာသင်တိုက်အတွင်း
တည်ဆောက်လျက်ရှိသည့် ပေ (၆၀x၃၀) နှစ်ထပ်ဆွမ်းစားကျောင်းဆောင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး
သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားသည်။
ကြည့်ရှုစစ်ဆေး
မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ရှိ
နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဝန်ထမ်းများ၊ ကျောင်းသား
ကျောင်းသူများ၊ သင်တန်းသူများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ
ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းရေးကို အလေးထား ဦးစားပေးတည်ဆောက်ရမည်ဖြစ်ပါကြောင်း၊
မိမိတို့ဝန်ထမ်းများအနေဖြင့်လည်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်
ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ကျောင်းသား ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး
အသိဉာဏ်နှင့် ဆင်ခြင်တုံတရားများကို တိုးတက်မြင့်မားလာစေရန် ပြုစုပျိုးထောင်ပေးသွားကြရမည်
ဖြစ်ပါကြောင်း ပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်
ကယားပြည်နယ် မြို့တော်ခန်းမ၌ ကျင်းပသည့် အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့် လွိုင်ကော်မြို့အတွင်း နေအိမ်ပျက်စီးမှုများအတွက်
နယ်စပ်ရေးရာဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်သည့်အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ
တက်ရောက်သည်။
ထို့နောက် လွိုင်ကော်မြို့ရှိ ပုပ္ပါရုံကျောင်းတိုက်၌
ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့်
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (လွိုင်ကော်) တို့ကို ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ သင်တန်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ
ဆီဆိုင်မြို့နယ် ဝါးခရာ-ပန်တိလမ်း ၁ မိုင် ၃ ဖာလုံအနက် ၆ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းများကို
ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း
(ဆိုက်ခေါင်) ၌ ကျောင်းအုပ်၊ ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ ကျောင်းသား ကျောင်းသူများနှင့်
တွေ့ဆုံအမှာစကားပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်
လူငယ်သင်တန်းကျောင်း (ဆိုက်ခေါင်)မှအထက (၁) ကျောင်းသို့ ဆက်သွယ်ထားသည့် လမ်း ၃ ဖာလုံအား
ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းနှင့် ဟိုပုံးမြို့နယ် သာယာကုန်းကျေးရွာတွင် ဆိုလာရေတင်စနစ်ဖြင့်
စိုက်ပျိုးရေရရှိရေးလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments