အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံများကို စစ်ဆေးမှုပြန်လည်စတင်ရန် အီရန်နှင့် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီတို့ သဘောတူညီ
တီဟီရန် စက်တင်ဘာ ၁၁
အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံများကို
စစ်ဆေးမှုပြန်လည်စတင်ရန် အီရန်နှင့် နိုင်ငံတကာ
အနုမြူစွမ်းအင်အေဂျင်စီတို့က သဘောတူညီခဲ့ကြောင်း သိရသည်။
အီရန်တွင် စစ်ဆေးရေးများ
ပြန်လည်စတင်ရန် လက်တွေ့ကျသော နည်းလမ်းများကို ကြိုဆိုပါ ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏
ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ယမန်နေ့တွင် ပြောကြားသည်။
စစ်ဆေးမှုအစီအစဉ်များတွင်
အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်ခဲ့သော နျူကလီးယားစက်ရုံများ အပါအဝင် အခြားနေရာအားလုံး
အကျုံးဝင်မည်ဖြစ်ကြောင်း နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲ ရာဖာဂရိုစီက ယမန်နေ့တွင်
ပြုလုပ်သည့် ကုလသမဂ္ဂနျူကလီးယား စောင့်ကြည့်ရေး အဖွဲ့၏ အုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင်
ပြောကြားကြောင်း သိရသည်။
တစ်ချိန်တည်း၌ပင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘာ့စ် အာရတ်ချီက ယင်းကဲ့သို့
စစ်ဆေးမှုများ ပြန်လည်စတင်ရန် နောက်ထပ်ဆွေးနွေးမှုများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီနှင့်
သဘောတူညီထားသည့် အရေးအကြီးဆုံးအချက်မှာ နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုတွင် ယခင်ကဆောင်ရွက်ခဲ့သည့်အတိုင်း
မဟုတ်ဘဲ ပုံစံအသစ်၊ မူဘောင်အသစ်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး
အာဘာ့စ် အာရတ်ချီက ပြောကြားသည်။
ဇွန်လက ၎င်း၏နျူကလီးယားစက်ရုံများကို
အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်ခဲ့ပြီးနောက် အီရန်သည် နိုင်ငံတကာအနုမြူစွမ်းအင်
အေဂျင်စီနှင့် ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းခဲ့သည်။
ယခုသဘောတူညီချက်သည် အီရန်ရှိ
နျူကလီးယားစက်ရုံများကို အပြည့်အဝစစ်ဆေးခြင်း ပြန်လည် စတင်နိုင်ရေးအတွက် ဆောင်ကျဉ်း
ပေးမည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် -အောင်ကျော်ကျော်

No comments