ပြည်မြို့နယ် စာရေးဆရာအသင်းမှ သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲနှင့် မြို့နယ်စာရေးဆရာ အသင်းဝင်များအား ထောက်ပံ့လှူဒါန်းပွဲ ကျင်းပ

 



ပြည် အောက်တိုဘာ ၂၃

ပြည်မြို့နယ် စာရေးဆရာအသင်းမှ သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲနှင့် မြို့နယ်စာရေးဆရာ အသင်းဝင်များအား ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီတွင် ပြည်မြို့ ရန်အောင်မင်္ဂလာကင်းဘုရားကြီး ဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဒေါက်တာ ယဉ်ဝေလွင်-ယဉ်ဝေလွင်(ပြည်)က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး သက်ကြီးစာပေပညာရှင် သုံးဦးအား သြကာသကန်တော့ချိုးဖြင့် အသင်းဝင်များက ကန်တော့ကြသည်။ ထို့နောက် ပြည်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဒေါက်တာ ယဉ်ဝေလွင်-ယဉ်ဝေလွင်(ပြည်)က ဝက်ထီးကန် မြို့နယ် သစ်ချိုပင်ရွာ လရောင်လမ်း စာကြည့်တိုက်အသစ် ဆောက်လုပ်ရန်အတွက် အလှူငွေ ကျပ်ဆယ်သိန်း လှူဒါန်းရာ စာကြည့်တိုက် တာဝန်ခံ ဦးအောင်သစ် (နှောင်းသစ်ချို)က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ပြည်မြို့နယ် စာရေးဆရာအသင်းဝင် ၃၀ တို့ အား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် တို့ကို ပြည်မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဒေါက်တာ ယဉ်ဝေလွင်-ယဉ်ဝေလွင်(ပြည်)နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခင်နှင်းဆီရွှေတို့က လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ရွှေဝင်း(ပြည်)

No comments

Powered by Blogger.