ဝက်ဝံတိုက်ခိုက်မှုသတိပေးချက် ဂျပန်နိုင်ငံရှိအမေရိကန်သံရုံး ထုတ်ပြန်



နိုဝင်ဘာ ၁၃

ဂျပန်နိုင်ငံရှိ အမေရိကန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများသည် နိုင်ငံအတွင်း လူသားများအပေါ် တောရိုင်းဝက်ဝံများ၏ တိုက်ခိုက်မှုများ စံချိန်တင်များပြားလာပြီးနောက် တောရိုင်းတိရစ္ဆာန်သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ဂျပန်နိုင်ငံတွင် ဧပြီလမှစတင်ကာ နိုဝင်ဘာ ၁၁ ရက်နေ့ မွန်းတည့်ချိန်အထိ လူ ၂၂၀ ဦးထက်မနည်း ဝက်ဝံများ၏ တိုက်ခိုက်ခံခဲ့ရသည်။ ယင်းအရေအတွက်သည် ၂၀၂၃ ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးတွင် မှတ်တမ်းတင်ထားသော ထိခိုက်ဒဏ်ရာရရှိသူ ၂၁၉ ဦးထက် ကျော်လွန်သွားခဲ့သည်။

ဂျပန်နိုင်ငံရှိ အမေရိကန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများ၏ ဝက်ဘ်ဆိုက်တွင် ယမန်နေ့က ဝက်ဝံသတိပေးချက် တင်ထားသည်ဟု သိရသည်။

ထိုသတိပေးချက်တွင် ဝက်ဝံတိုက်ခိုက်မှုများစွာဖြစ်ပွားခဲ့သည့် ဟော့ကိုင်းဒိုး၊ အာကီတာခရိုင်များနှင့် နိုင်ငံမြောက်ပိုင်း အခြားဒေသများ ပါဝင်ကြောင်း ဖော်ပြထားသည်။

ဂျပန်နိုင်ငံရှိအမေရိကန်များအနေဖြင့် ဝက်ဝံများကိုတွေ့ရှိရသည့်နေရာများသို့ဝင်ရောက်ခြင်းကိုရှောင်ရှားရန်နှင့် ၎င်းနေရာတွင် တစ်ယောက်တည်း လမ်းလျှောက်ခြင်းကို ရှောင်ရှားရန်၊ ၎င်းတို့၏ပတ်ဝန်းကျင်ကို သတိပြုရန်နှင့် တွေ့ရှိပါက ဒေသဆိုင်ရာအာဏာပိုင်များထံ သတင်းပို့ရန် ယင်းသတိပေးချက်တွင် တိုက်တွန်းထားသည်။

ထိုသတိပေးချက်သည် ဆပ်ပိုရိုမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးချုပ်ဘေးရှိ မာရုယာမာပန်းခြံတွင် ဝက်ဝံတစ်ကောင်ကိုတွေ့ရှိခြင်းကိုရည်ညွှန်းပြီး ရုံးသို့လာရောက်လည်ပတ်သူအားလုံး ဂရုတစိုက်နှင့် ၎င်းတို့၏ပတ်ဝန်းကျင်ကို သတိပြုသင့်သည်ဟု ပြောကြားသည်။

ဗြိတိန်အစိုးရက ဂျပန်နိုင်ငံသို့ ခရီးသွားလာသူများအနေဖြင့် ဒေသခံတောရိုင်းတိရစ္ဆာန်များ အကြောင်းနှင့်ပတ်သက်သည့်အချက်အလက်များကို ကြိုတင်စစ်ဆေးရန်နှင့် အခြားအကြံဉာဏ်များကို ယူဆောင်သွားရန် တိုက်တွန်းပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.