၂၀၂၄ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ပေးအပ်
နေပြည်တော်
နိုဝင်ဘာ ၂၀
၂၀၂၄ ခုနှစ်အတွက်
အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၁ ၌
ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး
ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။
တက်ရောက်
အခမ်းအနားသို့
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ
ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး၊
ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်
ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု
အဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်
တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဝင် ဆရာကြီး
ဆရာမကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊
စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်
ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊
အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိကြသူများ၏ အတ္ထုပ္ပတ္တိ၊ ဓာတ်ပုံ၊
ဆုရစာအုပ်များ၊ စာအုပ်စာစောင်နှင့် စာပေဆိုင်ရာပြခန်းများကို
လှည့်လည်ကြည့်ရှုကြသည်။
ကြည့်ရှုအားပေး
ယင်းနောက် အခမ်းအနားကို
စတင်ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများ၏ “ဘဝအလင်းရောင် စာပေတန်ဆောင်” ပြဇာတ်ဖြင့်
ဖျော်ဖြေတင်ဆက်မှုနှင့် “စာပေအလင်း အမှောင်ခွင်း မြန်မာစာပေအစ ကျေးဇူးတရားက”
မှတ်တမ်း Video Clip ကို ကြည့်ရှုအားပေး ကြသည်။
ထို့နောက်
နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်
ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း
နတ်တော်လဆန်း ၁ ရက်ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ပြီး အသိဉာဏ်ပညာနှင့်
ဗဟုသုတအဖြာဖြာ တိုးပွားရာ တိုးပွားကြောင်း ပေးစွမ်းသည့် စာအုပ်စာပေများကို
ပြုစုရေးသား အားထုတ်ကြသည့် စာဆိုတော်ကြီးများကို ဂုဏ်ပြုချီးမြှင့်သည့်
စာပေအခမ်းအနားများ၊ စာပေဟောပြောပွဲများကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလေ့ ရှိကြကြောင်း။
နိုင်ငံနှင့်
အများပြည်သူတို့၏ ကောင်းကျိုးအဖြာဖြာကို ကလောင်စွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်
ခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေဂုဏ်ကျေးဇူးကို လေးမြတ် ဂုဏ်ပြုလျက်
စာဆိုတော်နေ့အခမ်းအနားကို မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ခုအဖြစ် ၁၉၄၄ ခုနှစ်မှ
စတင်ပြီး ကျင်းပလာကြသည်မှာ နှစ်ပေါင်း ၈၀ ကျော်ကြာခဲ့ပြီဖြစ်ကြောင်း။
“အလိမ္မာစာမှာရှိ”
ဆိုသည့် စကားအတိုင်း လူသားများအတွက် အသိပညာနှင့် အလိမ္မာပညာကို စာပေက ပေးပါကြောင်း၊
စာပေကပေးသည့် အသိပညာနှင့် အလိမ္မာကို အခြေခံပြီး လူ့ပတ်ဝန်းကျင် အဆောက်အအုံကြီး
ကြီးထွားစည်ပင်လာခြင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့် စာပေသည် အလေးအမြတ်ထားအပ်သည့်
ဂုဏ်ကျေးဇူးရှိပြီး စာပေများကို ပြုစုကြသည့် စာဆိုတော်ကြီးများ၏ ကြီးမားလှသည့်
ဂုဏ်ကျေးဇူးများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် စာဆိုတော်နေ့ အခမ်းအနားကို
ကျင်းပပြုလုပ်ကာ ဂုဏ်ပြုပူဇော်ကြခြင်းပင်ဖြစ်ကြောင်း။
နိုင်ငံတော်
လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး
အတွက် ဆောင်ပုဒ်သုံးခု ချမှတ်ထားရာတွင် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”
ဟူသည့်အချက်လည်းပါဝင်ကြောင်း၊ ပညာရေးတွင်အသိ ပညာ၊ အတတ်ပညာနှင့် အတန်းပညာ မြင့်မားရေး
အားလုံးအကျုံးဝင်ကြောင်း၊ ပညာရေး၏ အခြေခံအကျဆုံးသည်စာပေဖြစ်ပြီး စာပေကပင် ပညာကို ပေးစွမ်းခြင်းဖြစ်ကြောင်း။
ထို့ကြောင့်လည်း
တိုးတက်သည့် နိုင်ငံတိုင်းက စာပေကို အလေးထားပြီး စာကောင်းပေမွန်များ ရေးသားပြုစုသူ
စာပေပညာရှင်များကို ချီးမြှောက်ဂုဏ်ပြုကြကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ တွင်
ပြည်သူကို မျိုးချစ်စိတ်ရှင်သန်စေခဲ့သကဲ့သို့ လွတ်လပ်ရေးရပြီးစ နိုင်ငံတော်ကို
ပြန်လည် ထူထောင်သည့် ကာလတွင်လည်း အသိအမြင်တိုးပွားစရာ သုတစာပေများခေတ်နှင့်အညီ
ပေါ်ထွက်လာခဲ့ပါကြောင်း၊ အလုပ်သမား လယ်သမား အကျိုးပြုစာပေများ၊ တိုင်းရင်းသား
စည်းလုံး ညီညွတ်ရေးကိုအားပေးသည့် စာပေများထွက်ပေါ်ခဲ့သကဲ့သို့ နိုင်ငံတော်အစိုးရက
ချီးမြှင့်သည့် စာပေ ဗိမာန်ဆု၊ အနုပညာစာပေဆိုင်ရာဆု၊ အမျိုးသားစာပေဆု၊
ပုဂ္ဂလိကအဖွဲ့အစည်းများက ချီးမြှင့်သည့် စာပေဆုများ၊ စာပေပြိုင်ပွဲများ၊
စာရေးဆရာအသင်းအဖွဲ့များနှင့် မြန်မာနိုင်ငံစာပေ လုပ်သားအဖွဲ့ စသည်များကလည်း
စာပေဖွံ့ဖြိုးရေးကို အထောက်အကူပြုသည့် နောက်ခံများဖြစ်ခဲ့ကြကြောင်း။ နိုင်ငံတော်
အစိုးရအနေဖြင့် နိုင်ငံနှင့် ပြည်သူများ၏ ကောင်းကျိုး ကို ရှေးရှုသည့်
ခေတ်မီအသိပညာ၊ အတတ်ပညာများကို ဖြန့်ဖြူးပေးသည့် သုတစာပေများ၊ ကိုယ့်နိုင်ငံ
ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှု အစဉ်အလာများကို လေးစားမြတ်နိုး တန်ဖိုးထားစိတ်များ
ထက်သန်လာအောင် လှုံ့ဆော်ပေးသည့် ရသစာပေများကို အားထုတ်ရေးဖွဲ့ခဲ့ကြသည့်
စာဆိုကြီးများ၏ စာကောင်းပေမွန်လက်ရာများကို အမျိုးသားစာပေဆုအဖြစ် ရွေးချယ်ပြီး
စာဆိုတော်နေ့ရောက်တိုင်း နှစ်စဉ်ချီးမြှောက်ဂုဏ်ပြုလျက်ရှိ ကြောင်း၊ ထိုကဲ့သို့
ကောင်းမွန်သည့် အစဉ်အလာကို ၁၉၄၈ ခုနှစ် မှ စတင်ခဲ့ပြီး ယခုဆိုပါက နှစ်ပေါင်း ၇၀
ကျော် ရှိခဲ့ပြီဖြစ်ကြောင်း။
နိုင်ငံတော်၏ လွတ်လပ်ရေး
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုနှင့် ၁၉၄၇ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း
အမည်ဖြင့် စတင်တည်ထောင်ခဲ့သည့် စာပေ ဗိမာန်သည် တိုင်းရင်းသားပြည်သူများ နိုင်ငံတကာဗဟုသုတ
တိုးပွားရေးအတွက် ဘာသာပြန် စာပေများနှင့် စာအုပ်စာပေများကို
ပြုစုထုတ်ဝေရေးလုပ်ငန်းနှင့်အတူ မြန်မာစာပေ ဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်မှ စပြီး
“စာပေဗိမာန်ကာလပေါ် ဝတ္ထုဆု”ကို ချီးမြှင့်ခဲ့ကြောင်း။
“စာပေဗိမာန်
ကာလပေါ်ဝတ္ထုဆု” ကို “စာပေဗိမာန်ဆု”၊ “အနုပညာစာပေဆိုင်ရာဆု”၊ “အမျိုးသား စာပေဆု”
စသည်ဖြင့် ဆုအမည်အမျိုးမျိုးပြောင်းလဲခဲ့ပြီး ဆုချီးမြှင့်မည့် ဘာသာရပ်များ၊
ဆုငွေများကိုလည်း တိုးတက်ချီးမြှင့်ခဲ့သည်မှာ ၂၀၂၄ ခုနှစ်အတွက်
အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ် ၁၉ မျိုးအထိ
ရှိလာခဲ့ပြီဖြစ်ကြောင်း။
အကြောင်းအမျိုးမျိုးကြောင့်
ပုံနှိပ်ထုတ်ဝေခြင်း မပြုဖြစ်သေးသည့် ကလောင်ရှင်တို့၏လက်ရာ ကောင်းမွန်သည့်
စာမူများကို စာအုပ်ဖြစ်စေရေး အားပေးသည့် ရည်ရွယ်ချက်ဖြင့် “စာပေဗိမာန်
စာမူဆု”အဖြစ် ချီးမြှင့်ခဲ့သည်မှာ ယခုနှစ်အတွက် ဘာသာရပ် ၁၄ မျိုးကို
ရွေးချယ်ဆုချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း။
ထို့အပြင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာ စာပေအကျိုးကို ထူးချွန်ပြောင်
မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သည့် ပုဂ္ဂိုလ်များ၏
ဆောင်ရွက်ချက်များ ကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် “အမျိုးသားစာပေ
တစ်သက်တာဆု”ကို ၂၀၀၁ ခုနှစ် မှစပြီး နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊
ယခင်နှစ်အထိ စာပေပညာရှင်ကြီး ၄၈ ဦးကို အမျိုးသား စာပေ တစ်သက်တာဆု ချီးမြှင့်ခဲ့
ပြီးဖြစ်ကြောင်း။
အမျိုးသား
စာပေတစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီးများကို အလေးအမြတ်
ထားသည့်အနေဖြင့် တစ်နှစ်ထက်တစ်နှစ် အရေအတွက်တိုးပြီး
ချီးမြှင့်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် စာပေပညာရှင်ကြီးငါးဦးအထိ
ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံရသည့် ဆရာ ဆရာမကြီးတို့ အားလုံးသည်လည်း
ပညာဂုဏ်ရည်၊ စာပေ ဂုဏ်ရည်တို့ ပြည့်ဝကြပြီး လေးစားဂုဏ်ပြုသင့်ကြသည့် ပုဂ္ဂိုလ်ကြီးများဖြစ်ကြောင်း၊
စာပေပညာရှင် ကြီးများအားလုံးကို အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ်
နိုင်ငံတော်က ထိုက်တန်စွာ ချီးမြှောက်ခွင့်ရသည့်အတွက် အတိုင်းမသိ
ဂုဏ်ယူဝမ်းမြောက်သည်ကို ပြောကြားလိုကြောင်း။
၂၀၂၄ ခုနှစ်အတွက်
ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၉၅၉ အုပ်အတွင်းမှ
အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာရပ် ၁၄ မျိုး ကို
ရွေးချယ်ခဲ့ပြီး စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ၂၄၇ စောင်အတွင်းမှ ဘာသာရပ်
၁၄ မျိုးအနက် ဆုချီးမြှင့်ရန် ထိုက်တန်သည့် စာမူပေါင်း ၃၀ ကို
ရွေးချယ်ခဲ့ပြီးဖြစ်သဖြင့် ယနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် တွင်
စတင်ကျင်းပတော့မည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပ
နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်လျက်
ရှိသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး
ဆန္ဒမဲပေးနိုင်ရေး နိုင်ငံတော်က ကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့
ရွေးကောက်ပွဲကို အပိုင်းလိုက် တစ်ဆက်တည်း ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး
အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မပြုလုပ်နိုင်သည့် မြို့နယ်များကိုလည်း
ကျင်းပနိုင်သည့်အချိန်တွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ထိုသို့
ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရန်လည်း အဓိက ကျကြောင်း၊
နိုင်ငံတော်အစိုးရက နိုင်ငံရေးတည်ငြိမ်ရေးနှင့် ရွေးကောက်ပွဲများ စနစ်တကျ
အောင်မြင်အောင် ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ပြည်သူများ
အနေဖြင့်လည်း တိုင်းပြည်၏ အလှည့်အပြောင်းဟုဆိုရမည့် ရွေးကောက်ပွဲများ အောင်မြင်စွာ
ကျင်းပနိုင်ရေးအတွက် အမျိုးသားရေးတာဝန် အဖြစ် ပါဝင်ကူညီပေးကြရန်နှင့် မိမိတို့
နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှု၊ စိတ်ရှည်သည်းခံမှုနှင့်
ပိုမိုကောင်းမွန်သည့် အနာဂတ်ကို မြော်တွေးကြိုးပမ်းကြရန်လည်း တိုက်တွန်းလို
ကြောင်း။
နိုင်ငံတော်၏
အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ
ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုကြီး အဘက်ဘက်က ဖွံ့ဖြိုး
တိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်
ဖွံ့ဖြိုး တိုးတက်ရေးစသည်တို့နှင့်အတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ
အောင်မြင်ရေးတို့အတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးကြောင်း၊
မိမိတို့ ပြည်သူအားလုံး ဒီမိုကရေစီ အလေ့အထကောင်းများ ရရှိအောင်၊ အသိဉာဏ်ပညာများ
ပြည့်ဝအောင်၊ ခေတ်မီဗဟုသုတများ ဆည်းပူးနိုင်အောင် “စာပေ” ဖြင့်
ထိန်းကျောင်းလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း။
စာပေသည် လူတို့၏
စိတ်ဓာတ်ကို သိမ်မွေ့စေတတ်သကဲ့သို့ မေတ္တာတရားကိုလည်း ကြီးမား လေးနက်စေပါကြောင်း၊
ထို့အပြင် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ တာဝန် သိစိတ်တို့ကိုလည်း
ပေးစွမ်းနိုင်ပါ ကြောင်း၊ ယခုကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအတွက် ကြီးမားသည့်
အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးသည့် စာပေများကို ဖန်တီးရေးသားကြသည့်
စာပေပညာရှင်ကြီးများကို ယနေ့ စာဆိုတော်နေ့တွင် ဆုချီးမြှင့်ခွင့်ရသည့်အတွက်
အလွန်ဝမ်းမြောက် မိပါကြောင်းကို ထပ်လောင်း ပြောကြားလိုကြောင်း၊ ဆက်လက်၍လည်း
သမိုင်းစဉ်ဆက် အခြေခိုင်ခဲ့သည့် မိမိတို့၏ မြန်မာစာပေ ပင်မကြီး လဲကျမသွားစေရေး
စုပေါင်းအင်အားဖြင့် ဆက်လက်ပြုစုစောင့်ရှောက်ကြရန် မှာကြား လိုကြောင်း၊ အထူးသဖြင့်
တန်ဖိုးမဖြတ်နိုင်သည့် စာပေယဉ်ကျေးမှုများကို နောင်လာနောက်သား မျိုးဆက်တို့အတွက်
လက်ဆင့်ကမ်းအမွေအဖြစ် ပေးအပ်နိုင်ကြပြီး ပြောင်းလဲဖွံ့ဖြိုးလာသည့်
ခေတ်ကာလများနှင့်အတူ အလျဉ်မပြတ် စီးဆင်းနိုင်သည့် မြန်မာစာပေရေစီးကြောင်း တည်တံ့
ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းပြောကြားလိုကြောင်း။
ယနေ့
ဆုချီးမြှင့်ခံကြရသည့် စာပေပညာရှင်ကြီးများ အသက်ရှည်ကျန်းမာ ကိုယ်စိတ်နှစ်ဖြာ
ရွှင်လန်း ချမ်းမြေ့ကြပြီး အမျိုးဘာသာ သာသနာကောင်းကျိုးကို
သယ်ပိုးဆောင်ရွက်နိုင်သည့်၊ နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့်
စာကောင်းပေမွန်များကို ဆက်လက်ရေးသားဖွဲ့ဆိုနိုင်ကြ ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း။
ယနေ့ အခမ်းအနားကို
တက်ရောက်လာကြသည့် စာပေ ပညာရှင်ကြီးများ၊ စာပေဆုရရှိသူများ၊ ယခုကဲ့သို့ စာပေဆုများ
အောင်မြင်စွာ ချီးမြှင့်နိုင်အောင် မိမိတို့၏ ကိုယ်ပိုင်အချိန်များကိုပေးပြီး
အစည်းအဝေးများကို ကျင်းပပြုလုပ်ကာ စာပေစေတနာ အပြည့်အဝဖြင့် ဆောင်ရွက်ပေခဲ့ကြသည့်
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေး
အဖွဲ့ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ပညာရှင်များအားလုံးကို
အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာစာပေလောက ခိုင်မြဲစည်ပင် ဖွံ့ဖြိုးရေးအတွက်
ဆက်လက်ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။
အထူးဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်
ဆက်လက်၍
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌနှင့် ဇနီးတို့က ၂၀၂၄ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆု ရရှိကြသည့်
စာပေပညာရှင် ဆရာကြီးနှင့် ဆရာမကြီးများဖြစ်ကြသည့် ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)၊
ဦးကိုကို (ကို-တက္ကသိုလ်)၊ ဒေါက်တာဒေါ်ပို (မလေးပို)၊ ဒေါ်တင်ရီ (တင်ရီမ-ညောင်ဦး)၊ ဒေါက်တာ ဒေါ်ခင်သန်းဦး
(မမိုးမြေ) တို့ကို နိုင်ငံတော်မှချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ၊
ဂုဏ်ပြုချီးမြှင့်ငွေများနှင့် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က ချီးမြှင့်သည့်
အထူးဂုဏ်ပြုလက်ဆောင်များကို ပေးအပ် ချီးမြှင့်သည်။
ယင်းနောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌနှင့် ဇနီးတို့အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊
အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနား အထိမ်းအမှတ်
ဂုဏ်ပြုလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။
ထို့နောက်
ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင်
အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး
မောင်မောင်အေး၊ ဦးသန်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ညှိနှိုင်းကွပ်ကဲရေးမှူး
(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်
ဦးတင်အောင်စန်းနှင့် ဦးမောင်မောင်အုန်းတို့က အမျိုးသား စာပေဆုရရှိသူများနှင့်
စာပေဗိမာန်စာမူဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍
အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာကြီး ဦးကိုကို (ကို-တက္ကသိုလ်) က ကျေးဇူးတင်စကား
ပြန်လည်ပြောကြားသည်။ ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ
အနုပညာရှင်များက “ဝထက လသ” တေးသီချင်းဖြင့် ကပြ ဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက်
နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌနှင့်ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်အတွက်
အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်
စာမူဆုရရှိကြသူများနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက်
နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်
ဇနီးတို့သည် ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့်
စာပေဗိမာန်စာမူဆု ရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များကို
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
အခမ်းအနား အပြီးတွင်
နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးနှင့်
အဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့်
စာပေဗိမာန် စာမူဆုရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေပညာရှင်များနှင့်အတူ
ဂုဏ်ပြု နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments