အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမာတြာတွင် ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ၂၉ ဦးသေဆုံး၊ ၆၇ ဦး ဒဏ်ရာရ
နိုဝင်ဘာ ၂၇
အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမာတြာပြည်နယ်ရှိ ခရိုင်နှင့် မြို့များစွာတွင် ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် လူ ၂၉ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါဘေးအန္တရာယ်များကြောင့် လူ ၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကိုးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်လျော့ပါးရေးအေဂျင်စီမှအရေးပေါ်ကိုင်တွယ်မှု၊ပစ္စည်းကိရိယာများနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာန အကြီးအကဲက ပြောကြားခဲ့သည်။
ရေကြီးမှု၊ မြေပြိုမှုများကြောင့် အိမ်ခြေ ၄၀၀ ကျော်၊ တံတားများစွာနှင့် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံအမျိုးမျိုး ပျက်စီးခဲ့ပြီး ဒေသခံ ၇၀၀၀ ကျော်သည် ၎င်းတို့၏နေအိမ်များမှ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု သိရသည်။
မန်ဒါလင်းနာတယ်၊ တောင်တာပါနူလီနှင့် မြောက်တာပါနူလီဒေသများတွင် အရေးပေါ်အခြေအနေ ကြေညာထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments