ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 


စစ်တွေ နိုဝင်ဘာ ၂၄

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ မင်းဂံရပ်ကွက် မင်းဂံ ဆင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert နှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

 

ယင်းနောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ် ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် စစ်တွေ-မင်းဂံ-သင်္ဘောဆိပ်လမ်းအား Joint Sealant ဖြည့်ခြင်း၊ ကျောက်စီ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ လမ်းပခုံးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ စစ်တွေမြို့ ရွာကြီးလမ်းအား (လမ်းမကြီးမှ မင်းဘာကြီးလမ်းထိ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.