မကွေးမြို့၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 



မကွေး နိုဝင်ဘာ ၂၆

ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း တိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေသော ဆရာ ဆရာမများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌ဒေါက်တာ အောင်မြင့်ဦးက သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ကာကွယ်ဆေးအကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ၊ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြသည်။ ထို့နောက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ဆောင်ရွက်ပေးသည်။

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံထားပါက အသက် (၁၃) နှစ်မှ (၁၉) နှစ်အတွင်းရှိ မိန်းကလေးများတွင် ကင်ဆာဖြစ်စေသည့် သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ပြီး အသက် (၁၅) နှစ်မှ (၁၉) နှစ်အရွယ် မိန်းကလေးများတွင် အဖြစ်များသည့် ကနဦးကင်ဆာဖြစ်ပွားမှုနှုန်းကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)

No comments

Powered by Blogger.