သီရိလင်္ကာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေ ၃၁ ဦးအထိ မြင့်တက်လာ



နိုဝင်ဘာ ၂၇

သီရိလင်္ကာနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း အဆိုးရွားဆုံး ရာသီဥတုဘေးအန္တရာယ်များအနက် တစ်ခုနှင့်ရင်ဆိုင်နေရပြီး ရက်ပေါင်းများစွာ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုများကြောင့် လူ ၃၁ ဦး သေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးလျက်ရှိကာ  ထောင်နှင့်ချီသော လူများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန (DMC) က ယနေ့တွင် ပြောကြားခဲ့သည်။

ဆိုးရွားသောရာသီဥတုသည် ခရိုင် ၁၇ ခု၊ မိသားစု ၁၁၅၈ စုနှင့် လူပေါင်း ၄၀၀၈ ဦးကို သက်ရောက်မှုရှိခဲ့သည်ဟု ဖော်ပြထားသည်။ လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်သုံးလုံး လုံးဝပျက်စီးကာ နေအိမ် ၃၈၁ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း ထိုဌာနကပြောကြားခဲ့သည်။ ၁၃၁ ဦးထက်မနည်းကို ယာယီဘေးကင်းရေးစင်တာများသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။


ဘာဒူလာခရိုင်တွင် သေဆုံးသူ ၁၈ ဦးဖြင့် အများဆုံးစံချိန်တင်ခဲ့ပြီး ကီဂယ်လီတွင် ၇ ဦးနှင့် နူဝါရာ အီလီယာတွင် ၄ ဦး သေဆုံးခဲ့သည်။ ဟမ်ဘန်တိုတာတွင် တစ်ဦးနှင့် ကူရူနီဂါလာတွင် တစ်ဦး သေဆုံးကြောင်း ထိုဌာနက ပြောကြားခဲ့သည်။

မိုးဆက်လက်ရွာသွန်းမှုကြောင့် အထူးသဖြင့် အလယ်ပိုင်းနှင့် တောင်ကုန်းဒေသများတွင် မြေပြိုမှုများ၊ ရေကြီးမှုများနှင့် လမ်းများပိတ်ဆိုမှုများ ထပ်မံဖြစ်ပွားနိုင်ကြောင်း အာဏာပိုင်များက သတိပေးပြောကြားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.