တူကီယဲနိုင်ငံ၌ အရက်တုရောင်းချမှုဖြင့် သံသယရှိသူ ၁၇၉ ဦးကို ဖမ်းဆီးထိန်းသိမ်း



အစ္စတန်ဘူလ် နိုဝင်ဘာ ၆

 

တူကီယဲနိုင်ငံ၌ တရားမဝင်အရက်များနှင့် အရက်တုရောင်းချမှုများကို တစ်နိုင်ငံလုံးအနှံ့ နှိမ်နင်းမှုပြုလုပ်ခဲ့ပြီး သံသယရှိသူ ၁၇၉ ဦးကို ဖမ်းဆီးထားသည်ဟု ပြည်ထဲရေးဝန်ကြီး အလီယာလီကာယာက နိုဝင်ဘာ ၆ ရက်တွင် ပြောသည်။

 

နိုင်ငံတစ်ဝန်းရှိ ပြည်နယ်ပေါင်း ၈၁ ခုတွင် နိုဝင်ဘာ ၅ ရက်က စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးက လူမှုကွန်ရက်မီဒီယာပေါ်တွင် ဖော်ပြခဲ့သည်။ တရားမဝင်အရက်တု ပုလင်းပေါင်း ၃၀၈၃၆ လုံး၊ အီသနော ၁၆၈၈၈ လီတာနှင့် အရက်တု ၄၅၆၄ လီတာကို သိမ်းဆည်းနိုင်ခဲ့သည်။ တရားမဝင်အရက်ထုတ်လုပ်သည့် စက်ရုံ ၁၃ ရုံကိုလည်း အာဏာပိုင်များက ဖော်ထုတ်ဖမ်းဆီးခဲ့သည်။ ရာဇဝတ်အဖွဲ့အစည်းများကိုနှိမ်နင်းကာ ပြည်သူ့ကျန်းမာရေး လုံခြုံစိတ်ချရမှုရှိစေရေး အစိုးရကဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးက အလေးပေးဖော်ပြခဲ့သည်။ အတုအပထုတ်ကုန်များသည် ကျန်းမာရေးကိုထိခိုက်စေပြီး အထူးသဖြင့် နှစ်သစ်ကူးကာလတွင် အရက်တုသောက်သုံးမိခြင်းကြောင့် သေဆုံးမှုများ ဖြစ်ပေါ်စေသည့်အတွက် တရားမဝင်ရောင်းချသည့် အရက်များကို မဝယ်ရန် တိုက်တွန်းထားသည်။

 

ဆင်ဟွာ 

No comments

Powered by Blogger.