ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မအူပင်မြို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား
နေပြည်တော် နိုဝင်ဘာ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊
မအူပင်မြို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအား
ယနေ့မွန်းလွဲပိုင်းတွင် တိုးရွှေဝါခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ
ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊
ဒုတိယဝန်ကြီးများ၊ မအူပင်မြို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
မြို့မိမြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မအူပင်ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာ အချက်အလက်များ၊
ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ကဏ္ဍကြီးများအလိုက်
ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ သီးနှံများ ပန်းတိုင်ရည်မှန်းချက်
ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အရန်ဆန်များသိုလှောင်ထားရှိမှု၊
ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးထားမှု၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာ
ရရှိရေးဆောင်ရွက်လျက်ရှိမှု၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊
One Region One Product (OROP) လုပ်ငန်းများနှင့် MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊
မအူပင်မြို့နယ်အားကစားကွင်းအား အဆင့်မြှင့်တင်ပေးရန် လိုအပ်မှုအခြေအနေများနှင့် ပတ်သက်၍
ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက စိုက်ပျိုးရေးလုပ်ငန်းများ
တိုးတက်စေရေးအတွက် စိုက်ပျိုးရေးတောင်သူများအား ချေးငွေများတိုးမြှင့် ထုတ်ချေးပေးစေလိုမှု၊
စပါးအခြောက်ခံစက်များ လိုအပ်လျက်ရှိမှု၊ ငါးမွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့် ငါးစာများလုံလောက်စွာ
ထုတ်လုပ်ရရှိနိုင်ရေး ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိမှု၊ မွေးမြူရေး လုပ်ငန်းများအတွက်
လျှပ်စစ်ဓာတ်အား လိုအပ်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးမှုကြောင့်
မွေးမြူရေးလုပ်ငန်းများ တိုးတက်လာမှုနှင့် မြေနေရာများ ထပ်မံလိုအပ်လျက်ရှိမှု၊ ငါးမွေးမြူရေးလုပ်ငန်းများ
ဆောင်ရွက်သည့် ကန်ဘောင်များပေါ်၌ ဝါးပင်များ စိုက်ပျိုးခြင်းဖြင့် အကျိုးဖြစ်ထွန်းနိုင်မှု၊
အုန်းချိုမွှေးများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိမှု၊ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချလျက်ရှိမှုနှင့်
ပြည်ပဈေးကွက်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က
စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ချေးငွေများကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိမှု၊
စပါးအခြောက်ခံစက်နှင့် သီးနှံအခြောက်ခံစက်များ လိုအပ်မှုနှင့်ပတ်သက်၍ လိုအပ်ပါက ပြည်ပမှ
မှာယူတင်သွင်း ဆောင်ရွက်ပေးနိုင်ပြီး အစုအဖွဲ့ဖြင့်သော်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်လည်းကောင်း
ဝယ်ယူနိုင်မှု၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်အတွက် လိုအပ်သည့်မြေနေရာများအား
လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်နိုင်မှု၊ ဆန်၊ စပါး Export Zone ဖော်ဆောင်နိုင်ရေး
ဆောင်ရွက်လျက်ရှိမှု၊ ပေါ်ဆန်းမွှေးစပါးများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု
အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက
အမှာစကားပြောကြားရာတွင် မအူပင်ဒေသသည် ဧရာဝတီတိုင်းဒေသကြီး၏ အရေးပါသည့်နေရာတွင် တည်ရှိကြောင်း၊
စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင် )အား ၂၀၂၁ ခုနှစ်ခန့်ကတည်းက ဖွင့်လှစ်ရန်
ရည်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို
အဓိကစီးပွားရေးအဖြစ် ဆောင်ရွက်ကြခြင်းဖြစ်စ်သဖြင့် စိုက်ပျိုးမွေးမြူရေးပညာရှင် လူသားအရင်းအမြစ်များစွာ
လိုအပ်ကြောင်း၊ ထို့ကြောင့် မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်ကို
ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မိရိုးဖလာနည်းလမ်းများဖြင့်
ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ် လုပ်ငန်းများကို
ဖော်ဆောင်ခဲ့ကြသော်လည်း ထင်သလောက် အောင်မြင်မှုမရရှိခဲ့ကြောင်း၊ အများစုမှာ ကျေးလက်တွင်
နေထိုင်ကြသူများဖြစ်ပြီး ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ရန်
စိန်ခေါ်မှုများရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို
စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ်များ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း
ဆောင်ရွက်ခဲ့ ကြောင်း။
ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် မိမိတို့အနေဖြင့်
ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အချိုးညီညီ
တိုးတက်စေရေး တက္ကသိုလ်များကို ဖွင့်လှစ်ထားသော်လည်း အချို့ပြည်နယ်များတွင် ကျောင်းသား၊
ကျောင်းသူတက်ရောက်မှု နည်းပါးနေကြောင်း၊ ထို့ကြောင့် ပိုလီတက်ကနစ် နည်းပညာတက္ကသိုလ်များကို
ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များကိုလည်း
ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေး ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊
ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်များအလိုက် တက္ကသိုလ်များ၊ ကောလိပ်များကို
တက်ရောက်ပြီး အဆင့်မြင့်ပညာရပ်များကို သင်ကြားနိုင်ကြောင်း၊ တန်းစဉ်ကူးပြောင်းမှုနှုန်း
နည်းပါးလာခြင်းကြောင့် တက္ကသိုလ်သို့ တက်ရောက် သင်ကြားသူများ နည်းပါးလာခြင်းဖြစ်ကြောင်း၊
တန်စဉ်ကူးပြောင်းမှုနှုန်းမြင့်မားအောင် ဆောင်ရွက်ခြင်းဖြင့် ပညာတတ်လူသားအရင်းအမြစ်များ
ပေါကြွယ်ဝလာမည်ဖြစ်ကြောင်း၊ ပညာတတ်လူသားအရင်းအမြစ်များ ပေါများစေရေး မအူပင်ခရိုင်အနေဖြင့်လည်း
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးသည်
မိမိတို့နိုင်ငံ၏ စပါးကျီတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် သီးနှံများထွက်ရှိမှုသည် ထိုက်သင့်သည့်
အထွက်နှုန်းဖြစ်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် မည်သို့ဆောင်ရွက်၍ရမည်ကို
စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ ပေါ်ဆန်းမွှေးစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ပြည်ပသို့တင်ပို့နိုင်ရေး
ပိုမိုတိုးတက်စိုက်ပျိုးဆောင်ရွက်သွားရန်လိုကြောင်း၊ အထွက်နှုန်းကောင်းမွန်ရေးနှင့်ပတ်သက်၍လည်း
စနစ်တကျ စမ်းသပ်ထားရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပေါ်ဆန်းမွှေးစိုက်ပျိုး၍ရသည့်ဒေသများတွင်
ပေါ်ဆန်းမွှေးစပါးများကို စနစ်တကျဖြင့် ဆောင်ရွက်သွားကြရန်လို ကြောင်း။
ပေါ်ဆန်းမွှေးစပါးကိုသာမက အခြားသီးနှံများကိုလည်း အထွက်နှုန်းကောင်းမွန်အောင်
ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုး၊
မြေ၊ ရေ၊ နည်းစသည့် နည်းလမ်း (၄) သွယ်ဖြင့် စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များ
ရရှိရမည်၊ မြေအခြေအနေကောင်းမွန်ရမည်၊ ရေ လုံလောက်စွာရရှိရမည်၊ နည်းစနစ်တကျဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊
စိုက်ပျိုးရေးနှင့်ပတ်သက်၍ အထက်ပါ နိယာမများကိုလိုက်နာဆောင်ရွက်သွားမည်ဆိုပါက မိမိတို့စိုက်ပျိုးသည့်သီးနှံများ
များစွာတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ တောင်သူတစ်ဦးချင်း စိုက်ပျိုးရေးအသိပညာပေးခြင်းကိုလည်း
ဆောင်ရွက်ပေးရန်လိုကြောင်း။
မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ကော်ဖီသည် နိုင်ငံတကာဈေးကွက်ဝင်သည့်
ကော်ဖီဖြစ်ကြောင်း၊ အများအားဖြင့် ကုန်းမြင့်ကော်ဖီကို စိုက်ပျိုးကြကြောင်း၊ မအူပင်မြို့နယ်အတွင်း
ဥယျာဉ်ခြံစိုက်ပျိုးသည့်ဧက ၂ သောင်းခန့်ရှိသည်ကို တွေ့ရှိရသဖြင့် အဆိုပါဥယျာဉ်ခြံများအတွင်း
မြေနိမ့်ကော်ဖီ (ရိုဘက်စတာမျိုး) များကို စိုက်ပျိုးဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး
ပြည်ပပို့ကုန်များ ပိုမိုတိုးတက်ရရှိမည်ဖြစ်ကြောင်း။
အုန်းချိုမွှေးစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အကျိုးများစွာဖြစ်ထွန်းစေကြောင်း၊
အုန်းနှင့်ပတ်သက်သည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်သဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊
အုန်းထွက်ပစ္စည်းများကို ပြည်ပသို့တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံအတွက် နိုင်ငံခြားငွေများ
ရရှိမည်ဖြစ်ကြောင်း၊ ဒေသအလိုက် အရိပ်ရလေကာပင်များ စိုက်ပျိုးကြရန်လိုကြောင်း၊ သဘာဝဘေးဒဏ်ကျရောက်ချိန်တွင်
အုန်းပင်များနှင့် အရိပ်ရလေကာပင်များသည် ထိုက်သင့်သည့်အကာအကွယ်ပေးနိုင်ကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ကိုအောင်မြင်စွာ
ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ အလားတူ ကြက်၊ ဝက်၊ နွား၊ ဘဲ မွေးမြူခြင်းများနှင့်ပတ်သက်၍လည်း
ပိုမိုတိုးတက်မွေးမြူဆောင်ရွက်ကြစေလိုကြောင်း။
မြို့နှင့်ပတ်သက်၍ မြို့တွင်း၌ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်အတွက်
နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း စနစ်တကျကြပ်မတ်ဆောင်ရွက်နေရန်လိုသကဲ့သို့
မြို့နေပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့နယ်အတွက်
လိုအပ်သည့် ဘောလုံးအားကစားကွင်းနှင့်ပတ်သက်၍ စဉ်းစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မအူပင်မြို့ရှိ
တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
လာမည့် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
မဲမသမာမှုများဖြစ်ပွားခဲ့ပြီး ထိုအချိန်က တာဝန်ရှိသူများအနေဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်မှုမရှိခဲ့ခြင်းကြောင့်
မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊
ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးကြစေလိုကြောင်း၊
နိုင်ငံတော်အနေဖြင့် ဆန္ဒမဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးထားပြီး ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည်
မဲဆန္ဒရှင်များ၏ ဆန္ဒပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး
ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ခံကိုယ်စားလှယ်များကိုလည်း
ဥပဒေနှင့်အညီဖြစ်စေရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဓိကအားဖြင့် တိုင်းပြည်နှင့်
ဒေသအကျိုးကို စေတနာထား၍ ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊
နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးအမြင်ရှိသူများကို စဉ်းစားရွေးချယ်၍ ဆန္ဒမဲပေးကြစေလိုကြောင်းဖြင့်
ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက
အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အသေးစား၊ အငယ်စား၊ အလတ်စား
(MSME) ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတွင် ခင်းကျင်းပြသထားသည့် ဒေသထုတ်ကုန်များ၊
လယ်ယာသုံးစက်ပစ္စည်းများ၊ မွေးမြူရေးထုတ်ကုန်များ၊ စားသောက်ကုန်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး
တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်


No comments