အင်ဒိုနီးရှားနိုင်ငံ မြေပြိုမှုတွင် သေဆုံးသူဦးရေ ၁၇ ဦးအထိ မြင့်တက်လာ



နိုဝင်ဘာ ၂၆

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျာနီဂါရာမြေပြိုမှုတွင် သေဆုံးသူဦးရေ ၁၇ ဦးအထိ မြင့်တက်လာပြီး ၁၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တရားဝင်ရပ်ဆိုင်းလိုက်ကြောင်း အာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။

အဆိုပါမြေပြိုမှုသည် ဗဟိုဂျာဗားရှိ ဘန်ဂျာနီဂါရာ ခရိုင်ရှိ ပန်ဒါနာရမ်ရွာတွင် နိုဝင်ဘာ ၁၅ ရက် ညနေ ၄ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ (BNPB) ၏ ပြောကြားချက်အရ သိရသည်။

မြေဆီလွှာဆက်လက်ရွေ့လျားမှု၊ မတည်ငြိမ်သောရာသီဥတုနှင့် နက်ရှိုင်းပြီးကျယ်ပြန့်သောအပျက်အစီးများကြောင့် ကယ်ဆယ်ရေးဝန်ထမ်းများအတွက် နောက်ထပ်ရှာဖွေမှုများသည် အလွန်အန္တရာယ်များလွန်းကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းကြောင်း ထိုအေဂျင်စီက ယမန်နေ့နှောင်းပိုင်းက ပြောကြားသည်။

ကယ်ဆယ်ရေးလုပ်ငန်း၏ နောက်ဆုံးနေ့တွင် အလောင်းငါးလောင်း ထပ်မံတွေ့ရှိခဲ့ရာ ပြန်လည်ရှာဖွေတွေ့ရှိထားသော ခန္ဓာကိုယ်အစိတ်အပိုင်းနှစ်ခုအပါအဝင် သေဆုံးသူအရေအတွက် ၁၇ ဦးအထိ ရှိလာခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များသည် ရှာဖွေရေးနည်းလမ်းအားလုံးကို အသုံးပြုကာရှာဖွေလျက်ရှိသော်လည်း မြေမြှုပ်ခံရသည်ဟု ယုံဆရသော အခြား ၁၁ ဦးကိုမူ ရှာဖွေနိုင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။

ထိုဘေးအန္တရာယ်ကြောင့် ဒေသခံလေးဦးလည်း ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၁၀၁၉ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ အိမ်ခြေ ၂၀၆ လုံး၊ လမ်းများနှင့် ရေသွင်းမြောင်းများ ပျက်စီးခြင်း၊ မွေးမြူရေးတိရစ္ဆာန်များ ဆုံးရှုံးခြင်းနှင့် ဈေးဆိုင်ငယ်များနှင့် ငါးကန်များ ပျက်စီးခြင်းတို့ ပါဝင်သည်။

အန္တရာယ်များသောနေရာများမှ ဒေသခံများကို ရွှေ့ပြောင်းခြင်း၊ ဒီဇင်ဘာလကုန်မတိုင်မီ ယာယီခိုလှုံရာနေရာ ၅၀ ပြင်ဆင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးအပ်ခြင်းတို့ ပါဝင်သည့် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများ ယခုအခါ အဓိကလုပ်ဆောင်ရမည်ဖြစ်ကြောင်း ထိုအေဂျင်စီက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.