ဂျပန်နိုင်ငံ အိုအီတာမြို့တွင် ကြီးမားသောမီးလောင်ကျွမ်းမှုကြောင့် အဆောက်အအုံ ၁၇၀ ကျော် မီးလောင်ပျက်စီး
နိုဝင်ဘာ ၁၉
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း
အိုအီတာခရိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးသတ်သမားများငြှိမ်းသတ်လျက်ရှိသည်ဟု
သိရသည်။ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၁၇၀ ကျော်နှင့် အခြားအဆောက်အအုံများ
မီးလောင်ပျက်စီးခဲ့ပြီး အသက် ၇၀ ကျော် အမျိုးသားတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ခရိုင်အာဏာပိုင်များက
ပြောကြားခဲ့သည်။
အိုအီတာမြို့ ဆာဂါနိုဆေးကီတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း
ယမန်နေ့ ညနေ ၅ နာရီ ၄၅ ခန့်က ဒေသခံတစ်ဦးထံမှ အရေးပေါ်ဖုန်းခေါ်ဆိုမှုကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက
လက်ခံရရှိခဲ့သည်။
ထိုမီးလောင်မှုသည် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားပြီး
လူနေအိမ်ဧရိယာနှင့် ပတ်ဝန်းကျင်သစ်တောများကို လောင်ကျွမ်းကာ ဖုန်းခေါ်ဆိုမှုအပြီး ၁၂
နာရီကျော်ကြာသည်အထိ မီးကို ထိန်းချုပ်နိုင်ခြင်းမရှိသေးဟု သိရသည်။
အိမ်ထောင်စု ၁၁၅ စုမှ လူပေါင်း
၁၇၅ ဦးသည် အနီးအနားရှိ ရပ်ရွာခန်းမတစ်ခုတွင် ခိုလှုံလျက်ရှိသည်ဟု ခရိုင်အာဏာပိုင်များက
ပြောကြားခဲ့သည်။
အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီး
မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို ဆွေးနွေးရန် ယနေ့နံနက်တွင် အစည်းအဝေးတစ်ခု ကျင်းပမည်ဟု
သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments