အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အဖွင့်ပွဲတွင် အား/ကာသိပ္ပံအသင်း ရှုံးပွဲကြုံတွေ့
ရန်ကုန် နိုဝင်ဘာ
၉
၂၀၂၅-၂၀၂၆ ရာသီ
အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု(C) ပထမနေ့ကို နိုဝင်ဘာ ၉ ရက်က ရန်ကုန်မြို့
သုဝဏ္ဏကွင်း၌ စတင်ကျင်းပရာ အား/ကာသိပ္ပံအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။
ဂိုးပြတ်အရေးနိမ့်
အား/ကာသိပ္ပံအသင်းသည်
အဖွင့်ပွဲအဖြစ် တောင်ကိုရီးယားကလပ် ဆူဝမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ငါးဂိုးပြတ် အရေးနိမ့်ခဲ့သည်။
အာရှထိပ်သီး တောင်ကိုရီးယားနိုင်ငံမှ ကလပ်အသင်းဖြစ်သည့်အပြင် တောင်ကိုရီးယားလက်ရွေးစင်များ၊
ပြည်ပနိုင်ငံသူများ ခေါ်ယူအသုံးပြုထားသည့် ဆူဝမ်အသင်းသည် ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်
ရခဲ့ခြင်းဖြစ်သည်။ အား/ကာသိပ္ပံအသင်းသည် အခြားကလပ်အသင်းများမှ လက်ရွေးစင်ကစားသမား ကိုးဦးအထိ
ကာလတိုအငှားခေါ်ယူထားပြီး ရင်ဆိုင်သော်လည်း ရလဒ်မကောင်းခဲ့ပေ။
အား/ကာသိပ္ပံအသင်းသည်
ခင်မာလာထွန်း၊ ဖြူဖြူဝင်း၊ စန်းသော်သော်၊ မျိုးမြမြငြိမ်း၊ နှင်းပွင့်အေး၊ ခင်မိုမိုထွန်းစသည့်
လက်ရွေးစင်ကစားသမားများဖြင့် ပွဲထွက်လာသည်။ ပွဲအစတွင် အား/ကာသိပ္ပံအသင်း ဦးဆောင်ဂိုးရနိုင်သည့်
အခွင့်အရေးရသော်လည်း ယွန်းဝတီလှိုင်၏ ကန်ချက်ကို ဆူဝမ်ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။
နောက်ပိုင်းတွင် ဆူဝမ်အသင်းက ခြေအသာဖြင့် ဖိကစားရာ အား/ကာသိပ္ပံအသင်းက ဂိုးမပေးရရေး
ဦးစားပေးကစားသော်လည်း ပထမပိုင်းပြီးခါနီးအထိသာ တောင့်ခံနိုင်ခဲ့သည်။ ဆူဝမ်အသင်းအတွက်
အနိုင်ဂိုးများကို ၄၅+၅ မိနစ်တွင် မီလီနင်ဟာ၊ ၅၆ မိနစ်တွင် နီရှီကာဝါ၊ ၅၉၊ ၇၄ မိနစ်တွင်
ဆောင်ဂျီယွန်း၊ ၈၃ မိနစ်တွင် ဆိုးယာဂျင်တို့က သွင်းယူခဲ့သည်။
အုပ်စု (C) အခြားပွဲတွင်
ဂျပန်ကလပ် တိုကျိုဗာဒီအသင်းက မြောက်ကိုရီးယားကလပ် နာဂိုရမ်အသင်းကို လေးဂိုးပြတ်ဖြင့်
အနိုင်ရခဲ့သည်။
ယှဉ်ပြိုင်ကစားရမည်
အား/ကာသိပ္ပံအသင်းသည်
အုပ်စုဒုတိယပွဲအဖြစ် နိုဝင်ဘာ ၁၂ ရက်တွင် ဂျပန်ကလပ် တိုကျိုဗာဒီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ကိုညီလေး

No comments