ဂျပန်နိုင်ငံအနောက်တောင်ပိုင်းတွင်ပြင်းအား ၅ ဒသမ ၈ ပမာဏရှိငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိ
နိုဝင်ဘာ ၂၆
ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကူမာမိုတိုနှင့် အိုအီတာ ခရိုင်တို့တွင် ယမန်နေ့က ပြင်းအား ၅ ဒသမ ၈ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ပိုမိုအားပြင်းသောငလျင်လှုပ်ခတ်နိုင်ခြေရှိသောကြောင့် သီတင်းတစ်ပတ်ခန့် သတိဖြင့်နေထိုင်ကြရန် မိုးလေဝသအေဂျင်စီက ပြည်သူများအား သတိပေးပြောကြားထားသည်။
အဆိုပါငလျင်သည် ကူမာမိုတို၏ အာဆိုဒေသတွင် ညနေ ၆ နာရီကျော်က စတင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း ဖော်ပြထားသည်။ ဂျပန်မိုးလေဝသအေဂျင်စီ၏ ပြောကြားချက်အရ ငလျင်သည် Ubuyama တွင် ဂျပန်နိုင်ငံ၏ သတ်မှတ်ငလျင်ပြင်းအားအဆင့် ၇ တွင် အဆင့် ၅ အထက် ငလျင်အဖြစ် သတ်မှတ်ခဲ့သည်ဟု သိရသည်။ အဆင့် ၅ အထက်ကို လူအများစု လမ်းလျှောက်ရန် ခက်ခဲသော အဆင့်အဖြစ် သတ်မှတ်ကြောင်း ဖော်ပြထားသည်။
ကူမာမိုတိုခရိုင်၏ အာဆိုတွင် အဆင့် ၅ အောက်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး အိုအီတာခရိုင်၏ တာကီတာတွင်လည်း အဆင့် ၅ အောက်ရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အေဂျင်စီက ပြောကြားသည်။ ဂျပန်နိုင်ငံ၏ အဓိကကျွန်းကြီးလေးကျွန်းအနက်တစ်ခုဖြစ်သည့် ကျူရှူးဒေသတွင် ၂၀၁၆ ခုနှစ်က ကြီးမားသောငလျင်နှစ်ခု နောက်ဆုံးလှုပ်ခတ်ခဲ့သည်ဟု သိရသည်။
ကိုးကား— ကျိုဒို
ဘာသာပြန်-မြင့်မြင့်ချို

No comments