ထိုင်းနိုင်ငံတောင်ပိုင်း ဆွန်ခလာပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၅၅ ဦးအထိ မြင့်တက်လာ



နိုဝင်ဘာ ၂၈

ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင် ရေကြီးရေလျှံမှု ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ဆွန်ခလာပြည်နယ်တွင် သေဆုံးသူ ၅၅ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ သေဆုံးသူအရေအတွက် မြင့်တက်လာဖွယ်ရှိကြောင်း သတိပေးပြောကြားထားသည်။

ဆွန်ခလာနာဂါရင်းဆေးရုံမှ ရရှိသော အချက်အလက်များအရ ယမန်နေ့ကအထိ ပြည်နယ်အတွင်း သေဆုံးသူ စုစုပေါင်း ၈၅ ဦးရှိရာ သေဆုံးသူ ၅၅ ဦးသည် ရေကြီးရေလျှံမှုကြောင့် တိုက်ရိုက်ဖြစ်ပွားခြင်းဖြစ်ပြီး ကျန်သေဆုံးမှု ၃၀ သည် အကျပ်အတည်းကာလအတွင်းဖြစ်ပွားခဲ့သော်လည်း အခြားအကြောင်းရင်းများကြောင့် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များသည် သီးခြားနေရာများအားလုံးသို့ မရောက်ရှိနိုင်သေးသော်လည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်နေဆဲဖြစ်သောကြောင့် ပျောက်ဆုံးနေသူများ၏ တိကျသောကိန်းဂဏန်းများကို မရရှိနိုင်သေးကြောင်း ဖော်ပြထားသည်။

ရေမျက်နှာပြင်သည် ယမန်နေ့ညနေပိုင်းတွင် မြစ်ကမ်းပါးအောက်သို့ ကျဆင်းသွားဖွယ်ရှိရာ ကယ်ဆယ်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့ပြီး အစိုးရအနေဖြင့် သန့်ရှင်းရေးလုပ်ငန်းကို စတင်နိုင်မည်ဟု  ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.