တောင်အာဖရိကနိုင်ငံရှိ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို နော်ဝေနိုင်ငံက ဖြည့်ဆည်း ဆောင်ရွက်မည်
အော်စလို နိုဝင်ဘာ ၂၄
နော်ဝေနိုင်ငံရှိ ဆိုလာလျှပ်စစ်ထုတ်လွှတ်ရေးလုပ်ငန်းများအနေဖြင့်
တောင်အာဖရိကနိုင်ငံရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်ကြောင်း
နော်ဝေနိုင်ငံ ဝန်ကြီးချုပ် ဂျိုနတ်ဂါစတော်က နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။
တောင်အာဖရိကနိုင်ငံ ဖရီးစတိတ်ပြည်နယ်ရှိ
နော်ဝေနိုင်ငံမှ ဆိုလာလျှပ်စစ်ထုတ်လွှတ်ရေး လုပ်ငန်းက လည်ပတ်နေသည့် ဆိုလာလျှပ်စစ်ထုတ်လွှတ်ရေးစက်ရုံသို့
သွားရောက်လည်ပတ်ရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းသည်
လက်ရှိတွင် အိမ်ခြေ ၂၀၀၀၀၀ ကို လျှပ်စစ်ဓာတ်အားပေးနေသည်။
အာဖရိကတိုက်ရှိ လူဦးရေ သန်း
၆၀၀ ခန့်သည် လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်ခြင်းမရှိသဖြင့် ၎င်းကိစ္စကို ဖြေရှင်းဆောင်ရွက်ရေးအတွက်
နေရောင်ခြည်စွမ်းအင်အများအပြားရရှိသည့် အာဖရိက ဒေသတွင် နော်ဝေနိုင်ငံရှိ ဆိုလာလျှပ်စစ်ထုတ်လွှတ်ရေးလုပ်ငန်းများက
လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်နေသည်ကို မိမိမြင်တွေ့ခဲ့ကြောင်း ၎င်းကပြောကြားသည်။
လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှု ၈၅ ရာခိုင်နှုန်းကို ကျောက်မီးသွေးလောင်စာဖြင့် ဆောင်ရွက်နေရသည့်
တောင်အာဖရိကဒေသတွင် ဆိုလာလျှပ်စစ်ထုတ်လွှတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဒေသခံများအတွက်
အလုပ်အကိုင်များရရှိစေခဲ့ကြောင်း ၎င်းကပြောသည်။ တောင်အာဖရိကနိုင်ငံ တွင် အစိမ်းရောင်အသွင်ကူးပြောင်းရေးအတွက်
နော်ဝေရင်းနှီးမြှုပ်နှံမှုရန်ပုံငွေမှ နော်ဝေ ကရော်နာ ငါးဘီလီယံကို သုံးစွဲခဲ့ကြောင်း
သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments