အကြမ်းဖက်အဖျက်စီးပွား မူးယစ်ဆေးဝါးသယ်ဆောင်မှုများ ထိရောက်စွာ ဟန့်တားရန်လို (မြန်မာ့အလင်း)

 


မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ပြုလုပ်လျက်ရှိရာ မကြာခဏဖော်ထုတ် ဖမ်းဆီးရမိလျက်ရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နေ့များအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ကွင်းဆက်စစ်ဆေး ရှာဖွေဖမ်းမိခဲ့သည့် AA ၏ မူးယစ်ဆေးဝါးမှောင်ခိုမှုမှာလည်း ပမာဏများပြားသည့်အလျောက် တန်ဖိုးလည်းကြီးသည်။

 

အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များ၏ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုများမှာ နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားသည်။ မူးယစ်ဆေးဝါး လုပ်ငန်းမှရရှိသည့် အမြတ်အစွန်း ငွေကြေးပမာဏမှာ လွန်စွာများပြားသည်ဖြစ်ရာ ၎င်းငွေကြေးများသည် သောင်းကျန်းသူအဖွဲ့ ထိပ်ပိုင်း ခေါင်းဆောင်များကို ချမ်းသာကြွယ်ဝစေသကဲ့သို့ သောင်းကျန်းသူအဖွဲ့များ လက်နက်ခဲယမ်း တပ်ဆင်ရေး၊ ၎င်းအဖွဲ့များ ရပ်တည်နိုင်ရေးနှင့် အကြမ်းဖက်အဖျက်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးတို့ အတွက် ငွေပင်ငွေရင်းများပင်ဖြစ်သည်။ သို့ဖြစ်ရာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချမှုများသည် ပြည်တွင်းပြည်ပရှိ လူငယ်လူရွယ်မျိုးဆက်သစ်များကို အန္တရာယ်ဖြစ်စေသကဲ့သို့ နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးတို့ကိုလည်း ထိပါးစေသည်။

 

နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေး မှောင်ခိုသမားတို့ကလည်း နည်းလမ်းပေါင်းစုံသုံး၍ သယ်ဆောင်ရောင်းဝယ်နေကြသည်ကို တွေ့ရသည်။ ယခုဖြစ်စဉ်၌လည်း ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်း ဒေသမှ ထွက်ရှိသည့် အိုက်စ် (ICE) မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ်ကို ဆီဘောက်ဆာယာဉ်များတွင် လျှို့ဝှက်အကန့်များ ပြုလုပ်ထည့်သွင်းသယ်ဆောင်ခြင်း၊ ကုန်တင်ယာဉ်များတွင် အခြားကုန် ပစ္စည်းများနှင့် ရောနှောပုံဖျက် သယ်ဆောင်ခြင်း စသည့်နည်းလမ်းမျိုးစုံတို့ဖြင့် ပြည်တွင်း လမ်းကြောင်းများကို ဖြတ်သန်းသယ်ဆောင်၍ ရန်ကုန်၊ ပုသိမ်တို့မှတစ်ဆင့် ပင်လယ်ရေကြောင်းမှ ရခိုင်ပြည်နယ်နှင့် မလေးရှားသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်မှုလမ်းကြောင်းများမှာ အဓိကအားဖြင့် ပြည်တွင်းကို ဖြတ်သန်းနေပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ဆက်လက်ပို့ဆောင်နေကြခြင်းလည်းဖြစ်ရာ ပြည်တွင်းလမ်းကြောင်းများပေါ်၌ တားဆီးရှာဖွေစစ်ဆေးမှုများကို ယခုထက်ပို၍ နည်းပညာအင်အား၊ လူအင်အားများ မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ပြည်တွင်းရှိ အဓိကလမ်းမကြီးများမှာ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် ယာဉ်သွားလာမှု များပြားလျက်ရှိရာ ဤအချက်ကလည်း မူးယစ်‌ဆေးဝါး သယ်ဆောင်သူတို့အတွက် အခွင့်အရေးယူဖွယ်ရာဖြစ်နေသည်။ ဆီဘောက်ဆာယာဉ်များကို အသုံးချ၍ လူမှောင်ခို၊ လက်နက်မှောင်ခို သာဓကများလည်းရှိခဲ့ရာ ယာဉ်စစ်ဆေးမှုများကို အဂတိကင်းကင်းနှင့် ဝါယမစိုက်၍ အလေးဂရုပြု ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

တရားမဝင်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးသယ်ဆောင်မှုများနှင့်စပ်လျဉ်း၍ သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ အချိန်မီသတင်းပေးတိုင်ကြားနိုင်ကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးသတင်း ထုတ်ပြန်ထားသည်။ သို့ဖြစ်ရာ နိုင်ငံတော်နှင့်နိုင်ငံသူ နိုင်ငံသားတို့ အတွက် အန္တရာယ်ကြီးမားသည့် မူးယစ်ဆေးဝါးနှိမ်နင်းတိုက်ဖျက်ရေးတွင် တစ်ထောင့်တစ်နေရာမှ ပူးပေါင်း ပါဝင်သည့်အနေဖြင့် မိမိတို့တွေ့မြင်ကြသည့် ခိုင်မာသည့်သတင်းများကိုဆိုင်ရာသို့ ပေးပို့ခြင်းဖြင့် နိုင်ငံသားတာဝန်ကျေပွန်ကြရေး တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း။

 

မြန်မာ့အလင်း

 

 


No comments

Powered by Blogger.