ဆီးဂိမ်းပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေသည့် ဘောလုံးနှင့် ဖူဆယ်အသင်းများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တွေ့ဆုံအားပေး
ရန်ကုန် နိုဝင်ဘာ
၈
(၃၃)ကြိမ်မြောက်
ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် ဘောလုံးနှင့် ဖူဆယ်လက်ရွေးစင်အသင်းများ၊ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ
နောက်ဆုံးအဆင့် အုပ်စုပွဲစဉ်ယှဉ်ပြိုင်မည့် အား/ကာသိပ္ပံ (ISPE)အသင်း၊ အာရှဖလား ယူ-၁၇
ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၇ အမျိုးသားလူငယ် လက်ရွေးစင်အသင်းများသည် စခန်းဝင်လေ့ကျင့်မှုများ
ပြုလုပ်လျက်ရှိပြီး နိုဝင်ဘာ ၆ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်
တွေ့ဆုံအားပေးသည်။
အားပေးစကားပြောကြား
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဦးဇော်ဇော်သည် အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် အား/ကာသိပ္ပံအမျိုးသမီးအသင်းနှင့်
ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်း၊ အမျိုးသား ယူ-၂၂
အသင်း၊ ဖူဆယ်အမျိုးသားအသင်းနှင့် အမျိုးသမီးလက်ရွေးစင်အသင်းနှင့် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲယှဉ်ပြိုင်မည့်
မြန်မာ ယူ-၁၇ အမျိုးသားလူငယ်လက်ရွေးစင်အသင်းတို့ စခန်းဝင်လေ့ကျင့်မှုများကို သွားရောက်ကြည့်ရှုအားပေး၍
အောင်မြင်မှုရရှိရေးအတွက် အားပေးစကားပြောကြားသည်။
အဖွဲ့ချုပ်ဥက္ကဋ္ဌသည်
ဗဟန်းမြက်ခင်းတုကွင်း၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား ဦးစွာသွားရောက်
တွေ့ဆုံအားပေးခဲ့ပြီး ပြီးခဲ့သည့် (၃၂)ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲတွင်
ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့သည့် ခြေစွမ်းနှင့် ကြိုးစားအားထုတ်မှုထက် ပိုမိုစွမ်းဆောင်နိုင်ရန်နှင့်
ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်သည်အထိ ကြိုးစားရန် တိုက်တွန်းမှာကြားသည်။ ယင်းနောက် MFF
ဖူဆယ်အားကစားရုံတွင် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းနှင့်
အမျိုးသမီးဖူဆယ် အသင်းတို့အား သွားရောက်တွေ့ဆုံကာ ဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ်များ
ဆွတ်ခူးနိုင်ရေးအတွက် နည်းပြအဖွဲ့နှင့် ကစားသမားများအား တစ်ဦးချင်းတွေ့ဆုံနှုတ်ဆက်အားပေးသည်။
ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် အသင်းလေးသင်းအနေဖြင့် ဆုတံဆိပ်ရရှိမှုအလိုက် ထိုက်တန်သည့်
ဆုကြေးခံစားခွင့်များ ချီးမြှင့်ပေးအပ်မည်ဖြစ်သည်။
ဆက်လက်၍ သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁)တွင်
လေ့ကျင့်နေသည့် အား/ကာသိပ္ပံအမျိုးသမီးအသင်းအား တွေ့ဆုံ၍ မြန်မာ့လက်ရွေးစင် ကစားသမားအများစု
ပါဝင်သည့်အတွက် ဆီးဂိမ်းပြိုင်ပွဲအကြို ကောင်းမွန်သည့်အခွင့်အရေးဖြစ်ကြောင်း၊ အာရှအမျိုးသမီးချန်ပီယံလိဂ်
ပြိုင်ဘက်များဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား ကလပ်အသင်းများကို မလျှော့သောဇွဲလုံ့လအပြည့်ဖြင့်
ရေကုန်ရေခန်း ကြိုးပမ်းကစားရန်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့်ကလပ်များ၊ ကစားသမားများဖြစ်သော်လည်း
စိတ်ဓာတ်အကောင်းဆုံးဖြင့် ရင်ဆိုင်သွားရန် တိုက်တွန်းအားပေးခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌဦးဇော်ဇော်သည်
စားရိပ်သာတွင် မြန်မာယူ-၂၂ အမျိုးသားအသင်းနှင့် မြန်မာယူ-၁၇ အမျိုးသားအသင်းတို့အား
ဆက်လက်တွေ့ဆုံခဲ့ပြီး ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာယူ-၂၂ အမျိုးသားအသင်း အောင်မြင်မှုရရှိရေးအတွက်
အထူးကြိုးစားအားထုတ်ရန်၊ စည်းကမ်းကောင်းမွန်စွာ နေထိုင်လေ့ကျင့်ရန်၊ မိမိအားဝေဖန်သုံးသပ်မှုကို
ပြန်လည်ဆန်းစစ်၍ ခွန်အားအဖြစ်အသုံးချ ကြိုးစားရန် တိုက်တွန်းခဲ့သလို အာရှဖလားယူ-၁၇
ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၇ အသင်းကိုလည်း လက်ရွေးစင်အသင်းကြီးအဆင့်သို့လည်းကောင်း၊
ပရော်ဖက်ရှင်နယ်ကစားသမားများအဖြစ်သို့ လည်းကောင်း ရောက်ရှိရန်နှင့် အာရှခြေစစ်ပွဲအောင်မြင်ရေး
အာရုံစိုက်လေ့ကျင့်ရန် တိုက်တွန်းအားပေးခဲ့သည်။
သတင်း - ကိုညီလေး၊
ဓာတ်ပုံ - MFF

No comments