ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအကြီးအကဲများ ကောင်စီအစည်းအဝေးနှင့် ဆက်စပ်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဖိုရမ်သို့ ဒုတိယဝန်ကြီး ဦးကျော်ထင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နေပြည်တော် နိုဝင်ဘာ ၂၀
အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင် ဦးဆောင်သည့်
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ မော်စကိုမြို့၌ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊
အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအကြီးအကဲများကောင်စီအစည်းအဝေးနှင့် ဆက်စပ်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏
စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဖိုရမ် (Shanghai Cooperation Organisation Forum on
Sustainable Development) သို့ တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးသည် နိုဝင်ဘာ ၁၇ ရက်တွင် မော်စကိုမြို့ Moscow ESG
Center ၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်၏
Achieving Sustainable Development Goals in SCO member states and partner
countries section တွင် ပါဝင်ဆွေးနွေးခဲ့သည်။
ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ်၊
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်နှင့် ပန်းတိုင် ၁၇ ခု အောင်မြင်မှုရရှိရေးအတွက်
အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ "Leave No One Behind" ဟူသည့် မူနှင့်အညီ
SDG ပန်းတိုင်များကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုစီမံကိန်းနှင့်မူဝါဒမူဘောင်များတွင်
ဦးစားပေးအဖြစ် ပေါင်းစည်းထည့်သွင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်
စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ(SDGs) အောင်မြင်မှုရရှိရေးအကောင်အထည်ဖော်ရာ၌
ဆင်းရဲမှုလျှော့ချရေး၊ ပညာရေး၊ ကျန်းမာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်
ရာသီဥတုဆိုင်ရာလုပ်ငန်းစဉ် စသည့်ပန်းတိုင်များတွင် တိုးတက်မှုများရရှိလျက်ရှိကြောင်း၊
ယင်းသို့ တိုးတက်အောင်မြင်မှုများရှိနေသကဲ့သို့ တစ်ဖက်တွင်လည်း ဘဏ္ဍာရေးအရင်းအမြစ်အကန့်အသတ်များ၊
ကိန်းဂဏန်းနှင့် စွမ်းဆောင်ရည်ဆိုင်ရာလိုအပ်ချက်၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမရေရာမှုများ၏
သက်ရောက်မှုစသည့် စိန်ခေါ်မှုများလည်းရှိနေကြောင်း။
မည်သည့်နိုင်ငံမဆို တစ်နိုင်ငံတည်း၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့်
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို မရရှိနိုင်ကြောင်း၊ ဒေသအဆင့်တွင် နိုင်ငံများအကြား
ခိုင်မာစွာပူးပေါင်းဆောင်ရွက်မှု၊ ဘဏ္ဍာငွေနှင့် နည်းပညာရယူ အသုံးပြုနိုင်မှု၊ နိုင်ငံများအကြား
အကျိုးရှိစွာ မိတ်ဖက်ပြု၍ အပြန်အလှန်လေ့လာမှုတို့ဖြင့် အတူတကွဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
ယင်းအတွက်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ
အောင်မြင်မှုရရှိရေးကြိုးပမ်းရာတွင် အမှန်တကယ်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ပါကြောင်း၊
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများသည် မတူကွဲပြားသည့်အတွေ့အကြုံအမျိုးမျိုး၊
ကြွယ်ဝသည့်အရင်းအမြစ်များ၊ တူညီသည့်မျှော်မှန်းချက်များရှိကြသော နိုင်ငံများဖြစ်ကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် SCO ပူးပေါင်းဆောင်ရွက်မှု ယန္တရားအတွင်းအဖွဲ့ဝင်နိုင်ငံများ၊
ဆွေးနွေးဖက်နိုင်ငံများနှင့်လက်တွဲ၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဆွေးနွေးသည်။
ယခုနှစ်တွင် ကျင်းပပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများအပါအဝင်
နိုင်ငံပေါင်း ၁၅ နိုင်ငံမှကိုယ်စားလှယ် စုစုပေါင်း ၃၄ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments