နေပြည်တော်ကောင်စီဥက္ကဋ္ဌ တောင်သူများနှင့်တွေ့ဆုံ၊ ဆောင်းနေကြာမျိုးစေ့နှင့် အနိမ့်တင်ဆိုလာများ ထောက်ပံ့ပေးအပ်
နေပြည်တော် နိုဝင်ဘာ ၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်
နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ
ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍
ကျောင်းဝင်းသန့်ရှင်းသာယာလှပ စေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထုများမှ
စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်
အလှူငွေများပေးအပ်ကာ ဆန်နှင့် စားသုံးဆီများ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို
သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်
တပ်ကုန်းမြို့နယ် ရေအေးကျေးရွာ (KC)၌ တောင်သူတွေ့ဆုံပွဲနှင့် သီးထပ်စိုက်ပျိုးနိုင်ရေး
အနိမ့်တင်ဆိုလာပန့်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ နေပြည်တော်အတွင်း သီးထပ်စိုက်ပျိုးနိုင်ရေး၊
မိုး၊ ဆောင်း၊ နွေရာသီပြည့်စိုက်ပျိုး နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်
မြေအောက်ရေ စက်ရေတွင်းများ တူးဖော်ခြင်း၊ ဆိုလာစနစ် ပြောင်းလဲတပ်ဆင်ခြင်း၊ ယာယီချောင်းပိတ်ဆည်များ
တည်ဆောက်ခြင်း၊ ဆိုလာနှင့် လျှပ်စစ်ရေတင်စနစ်များ တည်ဆောက်ခြင်း၊ ကျေးလက်ထိန်းဆည်များ
ပြုပြင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများကိုလည်း
ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားရန် လိုအပ်ကြောင်း
ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက
တောင်သူများကို အနိမ့်တင်ဆိုလာပန့်များနှင့် နေပြည်တော် ကောင်စီဝင်က ရေဆင်းစပ်မျိုးနေကြာ-၁
နေကြာ မျိုးစေ့များ ပေးအပ်ကာ တောင်သူများ၏ တင်ပြဆွေးနွေးချက်များအပေါ် ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးသည်။ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်တို့အတွင်း
မန္တလေးမြေငလျင် လှုတ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လမ်းပိုင်းများ နိုင်လွန်ကတ္တရာ
ခင်းကျင်းနေမှု၊ လမ်းဘေးပလက်ဖောင်းများနှင့် ကပ်တုံးများ ပြန်လည်ပြုပြင်နေမှု အခြေအနေများ၊
လမ်းများသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် လမ်းဘေးမြေယာရှုခင်းများ သန့်ရှင်းသာယာရေးလုပ်ငန်း
ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)

No comments