ပြည်တွင်းငွေလွှဲဝန်ဆောင်မှုကဏ္ဍအတွက် နိုင်ငံတကာ ငွေလွှဲအဖွဲ့အစည်း MoneyGram နှင့် ဧရာဝတီဘဏ်တို့ မိတ်ဖက်ပူးပေါင်း
ရန်ကုန် နိုဝင်ဘာ ၉
ကမ္ဘာတစ်ဝန်းမှ မြန်မာနိုင်ငံသို့ ငွေလွှဲဝန်ဆောင်မှုများကို
ပြုလုပ်နိုင်စေရန်အတွက် နိုင်ငံတကာ ငွေလွှဲအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် MoneyGram
International, Inc နှင့် မြန်မာနိုင်ငံ၏ ဘဏ်တစ်ခုဖြစ်သည့် ဧရာဝတီဘဏ်အများနှင့်သက်ဆိုင်သော
ကုမ္ပဏီလီမိတက် (AYA Bank Public Company Limited) တို့ မိတ်ဖက်အဖွဲ့အစည်းများအဖြစ်
ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ သိရသည်။
ပေါင်းစည်းမှု၏ ရလဒ်အနေဖြင့် နိုင်ငံရပ်ခြားတွင်
အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား များနှင့် ၎င်းတို့၏ မိသားစုဝင်များက
MoneyGram ၏ ကမ္ဘာလုံးဆိုင်ရာ ငွေလွှဲကွန်ရက်မှတစ်ဆင့် ပေးပို့သောငွေလွှဲများကို မြန်မာနိုင်ငံတွင်
လွယ်ကူစွာ လက်ခံနိုင်မည်ဖြစ်သည်။
“မြန်မာနိုင်ငံက မိသားစုတွေအတွက်
နိုင်ငံခြားငွေလွှဲတွေကို လွယ်ကူချောမွေ့စွာ လက်ခံနိုင်အောင် အခုလို ဧရာဝတီဘဏ်နဲ့အတူ
ပူးပေါင်းနိုင်တဲ့အတွက် အထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့်
မြန်မာပြည် အတွင်းမှာရှိတဲ့ မိသားစုတွေဟာ နိုင်ငံခြားငွေလွှဲတွေကို အချိန်နဲ့တစ်ပြေးညီ
ဘဏ်ခွဲတွေ၊ AYA Pay အေးဂျင့်တွေနဲ့ Mobile Wallets တွေကတစ်ဆင့် လက်ခံနိုင်မှာဖြစ်ပါတယ်။
အခုလို အတူတကွပူးပေါင်း ဆောင်ရွက်နိုင်မှုဟာ ကျွန်တော်တို့ MoneyGram ရဲ့ အာရှပစိဖိတ်ဒေသအတွင်း
ရပ်တည်ချက်ဖြစ်တဲ့ ခေတ်မီဆန်းသစ်ပြီး စိတ်ချရတဲ့ ငွေလွှဲပေးပို့ခြင်း ဝန်ဆောင်မှုအတွက်
ကြီးမားတဲ့အထောက်အကူ တစ်ခုဖြစ်လာစေမှာပါ” ဟု MoneyGram ၏ အာရှ ပစိဖိတ်ဒေသဆိုင်ရာ
ဒါရိုက်တာ Vijay Raj Poduval က ပြောကြားသည်။
အဆိုပါငွေလွှဲများကို ဧရာဝတီဘဏ်၏ ရုံးခွဲပေါင်း
၂၆၅ ခုတွင်လည်းကောင်း၊ AYA Mobile Banking App မှတစ်ဆင့်လည်းကောင်း၊ သို့မဟုတ် AYA
Pay မိုဘိုင်းအက်ပ်နှင့် နိုင်ငံအနှံ့ရှိ အေးဂျင့် ကွန်ရက်များမှတစ်ဆင့်လည်းကောင်း
လက်ခံနိုင်မည်ဖြစ်သည်။
“မြန်မာနိုင်ငံမှာရှိတဲ့
မိသားစုတွေအတွက် နိုင်ငံခြားငွေလွှဲ ဝန်ဆောင်မှုဟာ အလွန်အရေးပါတဲ့ အထောက်အပံ့တစ်ခုအဖြစ်
တည်ရှိနေပါတယ်။ အခုလို MoneyGram နဲ့အတူ ပူးပေါင်းဆောင်ရွက် ခြင်းဟာ မြန်မာနိုင်ငံနဲ့
ကမ္ဘာ့နိုင်ငံအသီးသီးကို ချိတ်ဆက်ပေးနေတဲ့ ကျွန်တော်တို့ ဧရာဝတီဘဏ်ရဲ့ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ
အခြေခံပြီး လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ အခုလို MoneyGram နဲ့ ပေါင်းစည်းခြင်း ရလဒ်အနေနဲ့
ဧရာဝတီဘဏ် ဝန်ဆောင်မှုအသုံးပြုသူများဟာ ကမ္ဘာတစ်ဝန်းမှ နိုင်ငံခြားငွေလွှဲများကို ဘဏ်ခွဲတွေ၊
AYA Mobile App နဲ့ AYA Pay တို့မှာ ပိုမိုလွယ်ကူမြန်ဆန်စွာ လက်ခံနိုင်လာမှာဖြစ်ပါတယ်” ဟု ဧရာဝတီဘဏ်၏ Chief Business Officer ဦးနေလင်းထွဋ်က
ဆိုသည်။
အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် မိတ်ဖက်အဖွဲ့အစည်းနှစ်ခု၏
အားသာချက်များဖြစ်သည့် MoneyGram ၏ နိုင်ငံတကာကွန်ရက်ဖြန့်ကြက်နိုင်မှုနှင့် ဧရာဝတီဘဏ်၏
တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲများ နေရာဒေသအလိုက် ဖြန့်ကြက်ထားရှိနိုင်မှု၊ ဒစ်ဂျစ်တယ်
အခြေခံအဆောက်အအုံများ ခိုင်မာမှုတို့ကို အခြေပြုထားခြင်းဖြစ်ပြီး ပိုမိုကောင်းမွန်ကျယ်ပြန့်သည့်
ငွေကြေးဝန်ဆောင်မှုကွန်ရက် များကို ပေးအပ်လာနိုင်မည်ဖြစ်သည့်အတွက် ကမ္ဘာတစ်ဝန်းရှိ
မိသားစုဝင်များကြား ငွေလွှဲဝန်ဆောင်မှုများကို လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း
သိရသည်။
မျိုးမင်းသူရ

No comments