သီရိလင်္ကာနိုင်ငံ၏မုန်တိုင်းဘေးသင့်ဒေသများတွင်သယ်ယူပို့ဆောင်ရေးတဖြည်းဖြည်းပြန်လည်ကောင်းမွန်လာ
ဒီဇင်ဘာ ၈
သီရိလင်္ကာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း
ဒစ်ဝါနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ခဲ့သော ဒေသများတွင် သယ်ယူပို့ဆောင်ရေးကွန်ရက်များကို
ပြန်လည်ထူထောင်ရေး လုပ်ဆောင်လျက်ရှိပြီး လမ်းများ၊ တံတားများနှင့် ရထားလမ်းအခြေခံအဆောက်အအုံများ
ပျက်စီးဆုံးရှုံးမှုများကို အာဏာပိုင်များက စစ်ဆေးလျက်ရှိကြောင်း ဖော်ပြထားသည်။
လမ်းပန်းဆက်သွယ်ရေးအာဏာပိုင်
(RDA)က ဂါနေသီနာနှင့် ကာဒူဂန်နာဝါကြားရှိ ကိုလံဘို-ကန်ဒီလမ်းပိုင်းကို ယနေ့ ဒေသစံတော်ချိန်
နံနက် ၇ နာရီတွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
နိုင်ငံ၏ ပညာရေးနှင့် အဆင့်မြင့်ပညာရေး
ဒုတိယဝန်ကြီး မဒူရာ ဆီနီဗီရတ်နာက ဆိုင်ကလုန်းမုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရသော
ဒေသများထဲမှ တစ်ခုဖြစ်သည့် နူဝါရာ အီလီယာခရိုင်သို့ ဦးတည်သော လမ်းများအားလုံးကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း
ယမန်နေ့အစောပိုင်းကအတည်ပြုခဲ့သည်။
သီရိလင်္ကာသမ္မတ အနူရာ ကုမာရာ
ဒစ်ဆာနာယာကေးသည် လမ်းအခြေအနေများနှင့် ပြုပြင်ရန် လိုအပ်သော အစီအမံများကို ပြန်လည်သုံးသပ်ရန်
နူဝါရာ အီလီယာခရိုင်အတွင်းရေးမှူးရုံး၌ တာဝန်ရှိသူများနှင့် ယနေ့တွေ့ဆုံခဲ့သည်။ ပျက်စီးနေသောလမ်းများ၊
ရေမြောင်းများနှင့် ဘေးနံရံများကို ပြန်လည်တည်ဆောက်ရန်အတွက် ရန်ပုံငွေထောက်ပံ့ပေးရန်
အရာရှိများကို ညွှန်ကြားခဲ့ပြီး ယခုနှစ်မကုန်မီ လုပ်ငန်းအားလုံးကို ပြီးမြောက်စေရန်
ရည်ရွယ်ထားသည်ဟု သိရသည်။
မကြာသေးမီရက်များအတွင်း ရေကြီးမှုနှင့်
မြေပြိုမှုများကြောင့် လမ်းပေါင်း ၁၀၈ လမ်းထက်မနည်း ထိခိုက်ခဲ့ကြောင်း အာဒီအေက သတင်းထုတ်ပြန်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments