ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခုနစ်ဦးထက်မနည်းသေဆုံး၊ တစ်ဦးပျောက်ဆုံး
ဒီဇင်ဘာ ၁၇
ဘရာဇီးနိုင်ငံ ဆော်ပိုလိုပြည်နယ်တွင် အပူပိုင်းမုန်တိုင်းတစ်ခုကြောင့် ရက်ပေါင်းများစွာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ခုနစ်ဦးထက်မနည်းသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံ၏ အရပ်ဘက်ကာကွယ်ရေးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်က မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း Guarulhos ဒေသတွင် ချောင်းအတွင်းသို့ ယာဉ်တစ်စီးမျောပါသွားပြီးနောက်ယာဉ်မောင်းတစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟုသိရသည်။ မီးသတ်သမားများသည် ရှာဖွေရေးလုပ်ငန်းများကို ယမန်နေ့က ပြန်လည်စတင်ခဲ့သည်။
ဒီဇင်ဘာ ၁၀ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ၊ နံရံပြိုကျမှုများ၊ သစ်ပင်များပြိုလဲခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ လူများ ရေဘေးသင့်ခဲ့ရကြောင်း အရပ်ဘက်ကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။
အတ္တလန္တိတ်သမုဒ္ဒရာ Ilhabela ကျွန်းတွင် မကြာသေးမီက သေဆုံးမှု နှစ်ဦးရှိရာ တစ်ဦးသည် ရေကြီးရေလျှံမှုကြောင့် ရေနစ်သေဆုံးခဲ့ပြီး အခြားတစ်ဦးသည် နံရံပြိုကျမှုကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။ ဆော်ပိုလိုမြို့၊ Campos do Jordao၊ Guarulhos၊ Juquitiba၊ Bauru နှင့် Ilhabela အပါအဝင် နေရာအတော်များများတွင် သေဆုံးသူများကို အတည်ပြုဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments