မြန်မာနိုင်ငံနှင့် ဉာဏ်ရည်တုနည်းပညာ နှီးနှောဖလှယ်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 



နေပြည်တော် ဒီဇင်ဘာ ၂

မြန်မာနိုင်ငံနှင့် ဉာဏ်ရည်တု နည်းပညာနှီးနှောဖလှယ်ပွဲ ပထမနေ့ကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပိုင်ဆယ်မြို့ရှိ ပိုင်ဆယ် အစိုးရအရာရှိများ ကောလိပ်၌ ကျင်းပရာ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာမြှင့် တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄)အမျိုးသား ဉာဏ်ရည်တု နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဒါရိုက်တာ ဒေါက်တာ တင်ဖုန်းကျော်၊ ကွန်ပျူတာ တက္ကသိုလ်(ပြည်) တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာယုဇန၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည်။

နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်း အနားကို နိုင်ငံတကာဆက်ဆံရေး စင်တာ၌ ကျင်းပရာ ဒုတိယဝန်ကြီးနှင့် ဒုတိယအမြဲတမ်း ကျောင်းအုပ်ကြီးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အစဉ်အလာကို ပိုမိုခိုင်မြဲစေလျက် နှစ်နိုင်ငံ အေးအတူပူအမျှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော အနာဂတ် အသိုက်အဝန်းကို အတူတကွ တည်ထောင်နိုင်ရေး၊ ယခုနှစ်၌ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင် ခြင်း (၇၅)နှစ် ပြည့်မြောက်ပြီဖြစ်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမကြီး စီမံကိန်းအပါအဝင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အရှိန်အဟုန်မြှင့်တင်ရေး၊ AI၊ EV၊ Smart Agriculture စသော ကဏ္ဍများတွင် နည်းပညာဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

ထို့နောက် “တရုတ်နိုင်ငံပုံစံ ခေတ်မီဖွံ့ဖြိုးရေး လမ်းစဉ်၏ သီအိုရီနှင့် လက်တွေ့ဆောင်ရွက် မှု ခေါင်းစဉ်ဖြင့် အထူးဟောပြောပွဲကို ကျင်းပရာ ကွမ်ရှီးကျွမ့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံရေး အတိုင်ပင်ခံ ညီလာခံစီးပွားရေး ကော်မတီဒုတိယဥက္ကဋ္ဌ Mr. Yang Cong က နောက်ခံသမိုင်းများ၊ အထူးဝိသေသလက္ခဏာများဖြစ်သည့် ပြည်သူလူထု တစ်ဦးမကျန် တန်းတူခေတ်မီဖွံ့ဖြိုးရေး၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်း ညီညွတ်မျှတစွာ ပေါင်းစပ်ထားသော ခေတ်မီဖွံ့ဖြိုး ရေး၊ လူနှင့်သဘာဝပတ်ဝန်းကျင် သဟဇာတဖြစ်သော ခေတ်မီဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းစွာ အတူတကွ ခေတ်မီဖွံ့ဖြိုးရေးနှင့် လမ်းစဉ်၏ မူလသဘာဝလိုအပ် ချက်များ၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် တို့အတွင်း တရုတ်နိုင်ငံ၏ GDP သည် နှစ်စဉ်ပျမ်းမျှ ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာသဖြင့် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှု အညွှန်းကိန်းသည် နံပါတ်(၁၀)သို့ ရောက်ရှိလာမှု၊ ပြည်သူ့လူမှုရေးလုံခြုံမှု ခိုင်မာစွာ အာမခံနိုင်မှုများ၊ ဆင်းရဲနွမ်းပါး မှုတိုက်ဖျက်ရေးအောင်မြင်မှုများ၊ EV နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ဖြင့် အစိမ်းရောင်စွမ်းအင်သို့ ပြောင်းလဲအသုံးချကာ ဂေဟ စနစ် သဘာဝပတ်ဝန်းကျင် အရည်အသွေးတိုးတက်မှု အရှိန်မြှင့်တင် လာမှုများ၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍတွင် ပြည်တွင်းပညာရှင်များဖြင့် ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်မှု အဆင့်အတန်းကြီးမားစွာ မြင့်တက်လာခြင်း၊ ပြည်သူ့လူမှုဘဝ အရည်အသွေး စဉ်ဆက်မပြတ် တိုးတက်လာခြင်းတို့ကို ဟောပြောဆွေးနွေးရာ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းကြ သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ကောလိပ်ရှိ စာကြည့်တိုက်သို့ သွားရောက် လေ့လာပြီး “တရုတ်-အာဆီယံ ဉာဏ်ရည်တုနည်းပညာ အသုံးချမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ ပလက်ဖောင်းကို အခြေခံ၍ ဉာဏ်ရည်တု ခေတ်အတွင်း တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်ရေးကို အားပေးမြှင့်တင်ခြင်း ခေါင်းစဉ် ဖြင့် ကျင်းပသည့် ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရ ဒုတိယအထွေထွေ အတွင်းရေးမှူးနှင့် တရုတ်-အာဆီယံ သတင်းအချက်အလက် ဆိပ်ကမ်း တည်ဆောက်ရေးရုံး ညွှန်ကြားရေးမှူးချုပ် Mr. Zhao Zhigang က တရုတ်နိုင်ငံ၏ AI ဆန်းသစ် တီထွင်မှုများနှင့် လူတိုင်း အကျိုးခံစားရေး အစီအစဉ်၊ ကွမ်ရှီး AI ဖွံ့ဖြိုးမှုနှင့် လက်တွေ့ ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံနှင့် AI ပူးပေါင်းဖွံ့ဖြိုးရေး အကြံပြုချက်များ၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့အတွက် အမျိုးသားအဆင့် AI မော်ဒယ် တည်ဆောက်ခဲ့မှုများ၊ အလားတူ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘော ဒီးယားနိုင်ငံတို့နှင့် တည်ဆောက်နေမှု၊ တရုတ် AI မော်ဒယ်များ၏ အတွေးအခေါ်စနစ်၊ AI ဖွံ့ဖြိုးမှုနှင့် ယဉ်ကျေးမှု ရှင်သန်ရေးပြဿနာ၊ တရုတ်-အာဆီယံ ဉာဏ်ရည်တု နည်းပညာအသုံးချမှု ပူးပေါင်း ဆောင်ရွက်ရေးစင်တာ တည်ထောင်ခြင်း၊ AI ဖွံ့ဖြိုးရေးမဟာ ဗျူဟာနှင့် စီမံခန့်ခွဲမှုအခြေအနေများ၊ ကွမ်ရှီးဒစ်ဂျစ်တယ်အရင်း အမြစ်စုစည်းမှုနှင့် ဒစ်ဂျစ်တယ် အစိုးရ စီမံခန့်ခွဲမှုစနစ်ဖွဲ့စည်းပုံ၊ မြောက်ပိုင်းပင်လယ်ကွေ့ဒေတာ ဈေးကွက်ဗဟိုဌာန၊ ကွမ်ရှီးဒေတာ ထုတ်ကုန်စာရင်း၊ တရုတ်-အာဆီယံ ဥပဒေဆိုင်ရာမော်ဒယ်၊ ဒစ်ဂျစ်တယ်အစိုးရထူထောင်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ အရည် အသွေးမြင့် ဒေတာစနစ်၏အခြေခံ အုတ်မြစ်ကို ပူးပေါင်းတည် ဆောက်ခြင်း၊ နယ်စပ်ဖြတ်ကျော်၍ ဒေတာနှင့် စက်မှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဟောပြောဆွေးနွေးရာ ဒုတိယ ဝန်ကြီးက မြန်မာနိုင်ငံရှိ AI အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ထားရှိမှုများကို ပြန်လည်ဆွေးနွေးခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။       

သတင်းစဉ်

No comments

Powered by Blogger.