နောင်ချိုမြို့နယ်ရှိ သုံးဆယ်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

 


နောင်ချို ဒီဇင်ဘာ ၂၂

 

ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာန နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် နှီးနွှယ်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စေတနာရှင်များ ပူးပေါင်း၍ ဒေသတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်မှစ၍ လုပ်ငန်း(ယာယီ) ရပ်ဆိုင်းထားသော နောင်ချိုမြို့နယ် သုံးဆယ်တိုက်နယ်ဆေးရုံကို ပြန်လည်ပြုပြင်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ကာ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။

 

ကျန်းမာရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုသရေးဦးစီးဌာနအနေဖြင့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂ ရက်က ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိပြီး ယခုအခါ သုံးဆယ်တိုက်နယ် ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်သည့်အတွက် သုံးဆယ်တိုက်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၃၀၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုများ လွှမ်းခြုံဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။

 

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှု တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၀ ရက်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ (၃၄)ခု ပြန်လည်ဖွင့်လှစ်ထားရှိပြီး ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်လျက်ရှိသည်။

 

နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကိုယ်ဝန်ဆောင်စောင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေး လုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ပြန်လည် အားဖြည့်ဆောင်ရွက်ရန်အတွက် အမီလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း၊ အသက် (၁၅) နှစ် အောက်ကလေးများအား အထူးအစီအစဉ် (Special Immuni-zation Activities) ဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်း စသည်ဖြင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ အသက် (၁၅) နှစ်အောက် ကလေးငယ် ၃၂၃၅၀ ကို လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.