ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၌ အင်အားပြင်း ၇ ဒသမ ၅ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၃၀ ဒဏ်ရာရရှိ



ဒီဇင်ဘာ ၉

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းတွင် အင်အားပြင်း ၇ ဒသမ ၅ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သဖြင့်  လူ ၃၀ ဒဏ်ရာရရှိခဲ့ကာ ပစိဖိတ်ကမ်းရိုးတန်းသို့ ရောက်ရှိသည့် စင်တီမီတာ ၇၀ အထိ မြင့်မားသော ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဂျပန်အစိုးရက ပြောကြားသည်။

ဂျပန်မိုးလေဝသအေဂျင်စီက အအိုမိုရခရိုင်၏ အရှေ့ဘက်ကမ်းရိုးတန်း၌ အနက် ကီလိုမီတာ ၅၄ တွင် ည ၁၁ နာရီ ၁၅ မိနစ်က ငလျင်လှုပ်ခတ်ခဲ့ကြောင်းနှင့် လာမည့်ရက်များအတွင်း အလားတူ သို့မဟုတ် ပိုမိုမြင့်မားသော ငလျင်လှုပ်ခတ်မှုတစ်ခု ဖြစ်ပွားနိုင်ကြောင်း ပြောကြားခဲ့သည်။

ဟော့ကိုင်းဒိုးကမ်းရိုးတန်းဒေသများနှင့် အအိုမိုရီမှ အီဝါတီနှင့် မီယာဂီခရိုင်များအထိ ဆန်ရီကူကမ်းရိုးတန်းအတွက် ထိုအေဂျင်စီ၏သတိပေးချက်ထုတ်ပြန်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။

ဝန်ကြီးချုပ် ဆာနေအီ တာကာအိချီက လာမည့်သီတင်းပတ်အတွင်း ဒေသဆိုင်ရာအစိုးရများနှင့် မိုးလေဝသအေဂျင်စီတို့က ထုတ်ပြန်မည့်သတင်းအချက်အလက်များကို အမြဲနားစွင့်နေရန်နှင့် ပရိဘောဂများကို ကြိုတင်လုံခြုံစွာထားရှိခြင်းအပါအဝင် နောက်ထပ်ဖြစ်နိုင်ခြေရှိသော ငလျင်လှုပ်ခတ်မှုအတွက် ကြိုတင်ပြင်ဆင်ထားကြရန် ဒေသတွင်းရှိ ပြည်သူများအား တိုက်တွန်းပြောကြားသည်။

ငလျင်လှုပ်ခတ်မှုတစ်စုံတစ်ရာ ခံစားရပါက ချက်ချင်းဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အသင့်အနေအထားကို ထိန်းသိမ်းထားရင်း လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ကြရန် အစိုးရက ဒေသခံများအား တောင်းဆိုထားသည်ဟု တိုကျိုမြို့ရှိ သူမ၏ရုံးတွင် တာကာအိချီက သတင်းထောက်များအား ယနေ့တွင်ပြောကြားခဲ့သည်။ ဟော့ကိုင်းဒိုးနှင့် အအိုမိုရီခရိုင်တို့တွင် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဖော်ပြထားသည်။

ထိုငလျင်သည် ဟော့ကိုင်းဒိုးကမ်းရိုးတန်းနှင့် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ တူးမြောင်းတစ်လျှောက်တွင် ဖြစ်ပွားခဲ့သည်။ ကနဦး ဖော်ပြထားသော ပြင်းအား ၇ ဒသမ ၆ ပမာဏမှ ပြန်လည်ပြင်ဆင်ထားသော ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ၃ မီတာအထိ ဆူနာမီလှိုင်းများ မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။ အမြင့်ဆုံး ဆူနာမီလှိုင်းများသည် အီဝါတီတွင်  စင်တီမီတာ  ၇၀ ရှိသည်ဟု သိရသည်။

ငလျင်လှုပ်ခတ်ပြီး ၃ နာရီ ၃၀ မိနစ်အကြာတွင် ဆူနာမီသတိပေးချက်ကို အကြံပေးချက်အဖြစ် လျှော့ချခဲ့ပြီး ယနေ့ နံနက် ၆ နာရီ ၂၀ မိနစ်တွင် ဆူနာမီအကြံပေးချက်ကိုပါ ရုပ်သိမ်းခဲ့သည်ဟု ဖော်ပြထားသည်။

ကိုးကား-ကျိုဒိုနယူးစ်

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.