ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ဈေးများစနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေး




နေပြည်တော် ဒီဇင်ဘာ ၁၁

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု နှင့် ဈေးများစနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

 

ရန်ကုန်မြို့အတွင်း စီးဆင်းလျက်ရှိသည့် သမိုင်းချောင်း အပါအဝင်ချောင်းများ၊ မြောင်းများ ရေစီး ရေလာကောင်းမွန်ရေး

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ သမိုင်းချောင်းတံတားနေရာနှင့် ဘုရင့်နောင် လမ်းမကြီးရှိ သမိုင်းချောင်း တံတားနေရာတို့သို့ ရောက်ရှိစစ်ဆေးရာ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ချောင်းများ၊ ရေနုတ်မြောင်းများ စနစ်တကျဖြစ်ရန်လိုကြောင်း၊ အမှိုက်များအား သတ်မှတ် နေရာများ၌သာ စွန့်ပစ်စေရေးနှင့် မြောင်းများအတွင်းသို့ စွန့်ပစ်မှုမရှိစေရေး ပြည်သူလူထုအား စည်းရုံး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေကောင်းမွန်စွာ စီးဆင်းမှုမရှိ သည့်ချောင်းများ၊ မြောင်းများ အတွင်းမှ အနံ့အသက်ဆိုးများသည် ပြည်သူလူထု၏ ကျန်းမာရေးကိုလည်း ထိခိုက်စေမည်ဖြစ်သဖြင့် တာဝန် ရှိသူများ အနေဖြင့် ရေစီးရေလာကောင်းမွန်အောင် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ သမိုင်းချောင်း အပါအဝင် ရန်ကုန်မြို့အတွင်း စီးဆင်းလျက်ရှိသည့် ချောင်းများ၊ မြောင်းများမှ စွန့်ထုတ်ရေများ ရေထွက်ပေါက်များမှတစ်ဆင့် သက်ဆိုင်ရာမြစ်များ၊ ချောင်းများအတွင်းသို့ စီးဆင်းရာ တွင် ပိတ်ဆို့မှုမရှိစေရေး ခေတ်မီနည်းပညာများအသုံးပြု၍ ချောင်း၊ မြောင်းများတစ်လျှောက် ကြည့်ရှု စစ်ဆေးပြီး ပိတ်ဆို့နေသည့်နေရာများအား ရှင်းလင်းသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ယခင်က ရန်ကုန်မြို့အတွင်း၌ မိုးရာသီကာလများတွင် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ် လျက်ရှိသော်လည်း ယခုနောက် ပိုင်းနှစ်များတွင် ရန်ကုန်မြို့အတွင်း စီးဆင်းလျက်ရှိသည့် ချောင်းများ၊ မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စနစ်တကျဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ယခင်နှစ်များထက် ရေကြီးရေလျှံမှုများ များစွာလျော့နည်းလာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းချောင်းအား ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်၍ ရေစီးရေလာများ ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဆိုပါက မိုးရာသီကာလများတွင် မရမ်းကုန်းမြို့နယ်အတွင်း ရေကြီး ရေလျှံမှုများကို များစွာလျှော့ချနိုင်မည့်အပြင် ချောင်းတစ်လျှောက် အနံ့အသက်ဆိုးများ လျော့ပါး သွားမည်ဖြစ်သဖြင့် သမိုင်းချောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။ အလားတူ မြို့နေပြည်သူ လူထုများအနေဖြင့်လည်း ချောင်းများ၊ မြောင်းများတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရန် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ မရှိစေရေး ကိုယ်စီအသိစိတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား မည်ဆိုပါက ယခုထက်ပိုမိုသာယာ လှပသည့်မြို့ကို ဖော်ဆောင်နိုင် မည်ဖြစ်သည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

သီရိမင်္ဂလာဈေး

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သီရိမင်္ဂလာဈေးသို့ ရောက်ရှိကြပြီး ဈေးအတွင်း ဈေးဆိုင်ခန်းများ၌ ဈေးရောင်းချ လျက်ရှိသည့် ပြည်သူများ၊ ကုန်များလာရောက် ပို့ဆောင်ကြသည့် ကုန်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ကုန်များရရှိမှု၊ ဈေးကွက်ရရှိမှု၊ နေ့စဉ်ဈေးရောင်းချရာတွင် ကြုံတွေ့ရမှုများနှင့် သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးသည်။

 

ယင်းနောက် သီရိမင်္ဂလာဈေးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေဝင်ရေထွက်မြောင်းများ စနစ်တကျဖြစ်စေရေး အပိုင်းလိုက်သတ်မှတ်၍ ရေဆေးခြင်းများ၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပျက်စီးနေသည့် အမိုးများကိုလည်း ပြန်လည်ပြုပြင်သွားရန်နှင့် လေဝင်လေထွက်စနစ်များ ကောင်းမွန်စေရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ လှိုင်မြစ်ကမ်းနံဘေး၌ ကုန်စိမ်းများလာရောက်ပို့ဆောင်ခြင်းများဆောင်ရွက်ရာတွင် စွန့်ပစ် အမှိုက်များကို မြစ်အတွင်းသို့ စွန့်ပစ်ခြင်းများမရှိစေရေးနှင့် စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ရွှေပိတောက်ငါးဈေး

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရွှေပိတောက်ငါးဈေးသို့ ရောက်ရှိကြပြီး ဈေးဆိုင်ခန်းများအလိုက် ဈေးရောင်းချနေသည့်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ဈေးရောင်းချရမှု အခြေအနေများအား မေးမြန်းအားပေးစကား ပြောကြားသည်။ ထို့နောက် လှိုင်မြစ်နံဘေးရှိ ရွှေပိတောက် ငါးဈေးဆိပ်ခံဗောတံတား၌ ခရီးသည်များနှင့် ငါးကုန်သည်များ၏ သင်္ဘောများ၊ လှေများ ဆိုက်ကပ်မှု၊ အသုံးပြုမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် တာဝန်ရှိသူများအား ရွှေပိတောက်ငါးဈေးအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး၊ အမှိုက်စွန့်ပစ်မှုများ စနစ်တကျ ဖြစ်စေရေး၊ ပျက်စီးယိုယွင်းနေမှုများအား အမြန်ဆုံးပြန်လည် ပြင်ဆင် ပေးသွားနိုင်ရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။


 


ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်း(ရန်ကုန်)

ထို့ပြင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါပြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင်အအေးခန်း (ရန်ကုန်) သို့ သွားရောက်၍ ကာကွယ်ဆေးသိုလှောင်ဖြန့်ဖြူးနိုင်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက ဗဟိုကာကွယ်ဆေးသိုလှောင် အအေးခန်း (ရန်ကုန်) ရှိ အပူချိန်အပေါင်း ၂ ဒီဂရီစင်တီဂရိတ်မှ အပေါင်း ၈ ဒီဂရီစင်တီဂရိတ် အတွင်း ထားရှိနိုင်သော အအေးခန်းများနှင့် အပူချိန်အနုတ် ၁၅ ဒီဂရီစင်တီဂရိတ်မှ အနုတ် ၂၅ ဒီဂရီစင်တီဂရိတ် ထားရှိနိုင်သော အအေးခန်းများအတွင်း ကာကွယ်ဆေးများအား အမျိုးအစားအလိုက် သိုလှောင်ထားရှိမှု၊ ဆေးထိုးအပ်များ သိုလှောင်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်း တင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက ဆေးဝါးများသိုလှောင်ရာတွင် လျှပ်စစ်မီးလိုအပ်ချက် ပြတ်တောက်မှု မရှိစေရေးနှင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်သွားရန်၊ သိုလှောင်ခန်းများအတွင်း အခန်းတွင်း အပူချိန်ထိန်းညှိမှု စနစ်တကျဖြစ်စေရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.