ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် ရှစ်ဦး သေဆုံး



ဒီဇင်ဘာ ၁၅

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် ယခုသီတင်းပတ်အတွင်း ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ်ခြောက်ဦးအပါအဝင် လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်သုံးပတ်အတွင်း သေဆုံးသူဦးရေ ၁၂ ဦးအထိ မြင့်တက်လာကြောင်း ဒေသခံကျန်းမာရေးအရာရှိများက ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် နောက်ဆုံးသေဆုံးမှုတွင် မူဆခ်ဟီလ်ခရိုင် ချီနာခွန်ဒီ ဒေသမှ ကလေးခြောက်ဦးနှင့် လူကြီးနှစ်ဦး သေဆုံးခဲ့ကြောင်း ခရိုင်ကျန်းမာရေးအရာရှိက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပြည်နယ်ကျန်းမာရေးညွှန်ကြားရေးမှူးချုပ်၏ ညွှန်ကြားချက်အရ ကွီတာ၊ လိုရာလိုင်နှင့် ဘတ်ခ်ဟန်ဒေသမှ ဆေးအဖွဲ့များသည် ရောဂါဖြစ်ပွားရာဒေသသို့ ရောက်ရှိနေပြီဖြစ်ပြီး ဆေးဝါးများကို ပေးပို့နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

လူနာများအား အရေးပေါ်ကုသမှုပေးရန်အတွက် အစိုးရကျောင်းတစ်ကျောင်းကို ယာယီဆေးရုံအဖြစ် ပြောင်းလဲထားကြောင်း အရာရှိက ထပ်လောင်းပြောကြားခဲ့သည်။

ကျန်းမာရေးအာဏာပိုင်များ၏ပြောကြားချက်အရ ရောဂါဖြစ်ပွားရာဒေသတွင် ကာလဝမ်းရောဂါဝေဒနာရှင် ၁၄ ဦးသည် လက်ရှိတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ရောဂါဖြစ်ပွားမှု၏အရင်းအမြစ်ကိုဆုံးဖြတ်ရန် ကျန်းမာရေးအရာရှိများသည် ရေနမူနာများကိုလည်း စုဆောင်းလျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.