ဂျပန်နိုင်ငံ ကျိုတိုမြို့တွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း အတည်ပြုချက်ထုတ်ပြန်



ဒီဇင်ဘာ ၂၄

ဂျပန်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနက ကျိုတိုစီရင်စုရှိ ခြံတစ်ခြံတွင် မျိုးရိုးဗီဇစစ်ဆေးမှုအရ အလွန်ကူးစက်တတ်သော ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိကြောင်း အတည်ပြုခဲ့ပြီး ယခုရာသီအတွင်း ကိုးကြိမ်မြောက် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါကြက်ငှက်တုပ်ကွေးရောဂါသည် ကျိုတိုစီရင်စု၊ ကာမီယိုကာမြို့ရှိ ကြက်မွေးမြူရေးခြံတစ်ခြံတွင် ဖြစ်ပွားခဲ့ပြီး ဉစားကြက်အကောင်ရေ ၂၈၀၀၀၀ ခန့် မွေးမြူထားသည်ဟု စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဒေသဆိုင်ရာ အာဏာပိုင်များသည် အစီရင်ခံစာတစ်စောင်ကို ယမန်နေ့က လက်ခံရရှိခဲ့ပြီး ထိုနေ့မှာပင် ကြက်ခြံရှိ ကြက်များကို ကြက်ငှက်တုပ်ကွေးရောဂါ စစ်ဆေးမှု လျင်မြန်စွာ ပြုလုပ်ခဲ့ရာ ရလဒ်များအရ အလွန်ကူးစက်တတ်သော ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း အတည်ပြုခဲ့သည်။

သက်ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကြက်ခြံရှိ ကြက်အားလုံးကို သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းနှင့် မြေမြှုပ်ခြင်းတို့ပြုလုပ်မည်ဖြစ်သည်။ ထို့အပြင်  ၃ ကီလိုမီတာအတွင်းရှိ ကြက်ခြံများကို ကြက်များနှင့် ကြက်ဥများ ရွှေ့ပြောင်းခြင်း မပြုရန်နှင့် ၃ ကီလိုမီတာမှ ၁၀ ကီလိုမီတာအတွင်းရှိ အခြားကြက်ခြံများကိုမူ  ဒေသပြင်ပသို့ သယ်ယူပို့ဆောင်ခြင်း မပြုရန် တားမြစ်ထားသည်။

ဂျပန်နိုင်ငံ၏ ကြက်ငှက်တုပ်ကွေးရာသီသည် ပုံမှန်အားဖြင့် ဆောင်းဦးရာသီမှ နောက်နွေဦးရာသီအထိ ကြာမြင့်လေ့ရှိသည်။ ယခုရာသီတွင် ယခင်ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု ရှစ်ကြိမ်ကြောင့် ကြက်ကောင်ရေ ၂ ဒသမ ၄ သန်းနီးပါး သတ်ဖြတ်ခံခဲ့ရပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ ကြက်ငှက်တုပ်ကွေးရောဂါ ပထမဆုံးကူးစက်မှုသည် မြောက်ဘက်အကျဆုံး ဟော့ကိုင်းဒိုးစီရင်စုတွင် အောက်တိုဘာ ၂၂ ရက်ကဖြစ်ပွားခဲ့သည်ဟု အတည်ပြုထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.