ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၆ခု နှစ်လယ်ပိုင်းမှစ၍ တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒ စမ်းသပ်အသုံးပြုမည်
ဒီဇင်ဘာ ၃
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၆
ခုနှစ် ဇွန်လ ၁၅ ရက်မှ အောက်တိုဘာလ ၁၅ ရက်အထိ တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ပေးအပ်သည့်မူဝါဒကို
စမ်းသပ်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်သော တရားဝင် စာတစ်စောင်တွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးများကောင်စီ၏
အမြဲတမ်းအတွင်းရေးမှူး Hing Thoraxy လက်မှတ်ရေးထိုးထားသော စာတွင် တော်ဝင်အစိုးရသည်
တရုတ်နိုင်ငံမှ ခရီးသွားလာသည့် တရုတ်နိုင်ငံသားများအတွက် ၁၄ ရက်ကြာ နေထိုင်ခွင့်ပြုသည့်
စမ်းသပ်ဗီဇာကင်းလွတ်ခွင့်ပေးအပ်ရန် မူအားဖြင့် သဘောတူညီခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်မှ
အောက်တိုဘာလ ၁၅ ရက်အထိ လေးလကြာ စမ်းသပ်ကာလအတွင်း ၎င်းတို့အနေဖြင့် ဗီဇာလျှောက်ထားရန်
လိုအပ်ခြင်းမရှိသလို အခကြေးငွေ ပေးဆောင်ရန်လည်း မလိုအပ်ကြောင်းနှင့် E-arrival ကတ်ကို
ဖြည့်စွက်ရုံသာဖြစ်ကြောင်း ထိုစာတွင် ဖော်ပြထားသည်။
အဆိုပါကာလအတွင်း တရုတ်ခရီးသွားများသည်
ကမ္ဘောဒီးယားသို့ အကြိမ်များစွာ သွားရောက်လည်ပတ်နိုင်သည် ဟုလည်း ထပ်လောင်းဖော်ပြထားသည်။
ထိုစာတွင် နိုင်ငံခြားရေးနှင့်
နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနသည် အနာဂတ်တွင် အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်များ
အကောင်အထည်ဖော်နိုင်ရေးအတွက် တရုတ်နိုင်ငံသို့ လာရောက်သော ကမ္ဘောဒီးယားခရီးသွားများအတွက်
ဗီဇာလျှောက်ထားမှုလုပ်ထုံးလုပ်နည်းများရိုးရှင်းပြီး လွယ်ကူချောမွေ့စေရန် တရုတ်အစိုးရနှင့်
ညှိနှိုင်းဆောင်ရွက်ရန်ကိုလည်းခွင့်ပြုထားသည်။
ပစိဖိတ်အာရှခရီးသွားအသင်း
ကမ္ဘောဒီးယားဌာနခွဲ၏ ဥက္ကဋ္ဌ Thourn Sinan က ယင်းလုပ်ဆောင်ချက်ကို ကြိုဆိုခဲ့ပြီး တရုတ်ခရီးသွားများ၊
စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကို ကမ္ဘောဒီးယားသို့ ပိုမိုဆွဲဆောင်နိုင်လိမ့်မည်ဟု
ဆိုသည်။
တရုတ်နိုင်ငံသည် ထိုင်းနှင့်
ဗီယက်နမ်နိုင်ငံတို့ပြီးနောက် ကမ္ဘောဒီးယားသို့နိုင်ငံခြားခရီးသွားများရောက်ရှိမှု
တတိယအကြီးဆုံး အရင်းအမြစ်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း
တရုတ်ခရီးသွား ၁ သန်းခန့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ပြောကြားချက်အရ
သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments