သီရိလင်္ကာနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်းဒစ်ဝါကြောင့် ပျက်စီးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ နီးပါးရှိ
ဒီဇင်ဘာ ၂၃
သီရိလင်္ကာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံခန့်ရှိရာ နိုင်ငံ၏ ဂျီဒီပီ၏ လေးရာခိုင်နှုန်းခန့်ရှိကြောင်း ကမ္ဘာ့ဘဏ်က ယမန်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်အပြီး အလျင်အမြန် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းချက် (GRADE) အစီရင်ခံစာသည် အရေးပေါ်တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းရေးဆွဲခြင်းကို ပံ့ပိုးရန်အတွက် ကနဦး အကဲဖြတ်ချက်တစ်ခုပေးထားပြီး ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများအပေါ် တိုက်ရိုက်ပျက်စီးဆုံးရှုံးမှုကို ခန့်မှန်းထားသော်လည်း ဝင်ငွေဆုံးရှုံးမှု၊ ထုတ်လုပ်မှုဆုံးရှုံးမှု သို့မဟုတ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး၏ ကုန်ကျစရိတ်အပြည့်အစုံကို ထည့်သွင်းထားခြင်းမရှိဟု သိရသည်။
အလယ်ပိုင်းပြည်နယ်သည် အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး ကန်ဒီခရိုင်တစ်ခုတည်းတွင်ပင် ပျက်စီးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၆၈၉ သန်းခန့် ရှိပြီး အဓိကအားဖြင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အခြေခံအဆောက်အအုံများသည် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်သည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံခန့်ရှိပြီး စုစုပေါင်းဆုံးရှုံးမှု၏ ၄၂ ရာခိုင်နှုန်းရှိကာ နေအိမ်များနှင့် အိမ်သုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၉၈၅ သန်းခန့် ရှိသည်ဟု ခန့်မှန်းထားသည်။
စိုက်ပျိုးရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၈၁၄ သန်းခန့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး စပါးနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှု၊ မွေးမြူရေးတိရစ္ဆာန်များ၊ ကုန်းတွင်းငါးလုပ်ငန်းနှင့် စိုက်ပျိုးရေးအခြေခံအဆောက်အအုံများကို ထိခိုက်စေခဲ့ပြီး စားနပ်ရိက္ခာဖူလုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။ ကျောင်းများ၊ ဆေးရုံများနှင့် စီးပွားရေးလုပ်ငန်းများ အပါအဝင် လူနေအိမ်မဟုတ်သော အဆောက်အအုံများသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၅၆၂ သန်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။
နိုင်ငံ၏ မကြာသေးမီက သမိုင်းတွင် အပြင်းထန်ဆုံးနှင့် အဖျက်စွမ်းအားအရှိဆုံး ထိုဆိုင်ကလုန်းမုန်တိုင်းသည် ခရိုင် ၂၅ ခုလုံးရှိ လူဦးရေ နှစ်သန်းနီးပါးနှင့် မိသားစု ၅၀၀၀၀၀ ခန့်ကို ထိခိုက်မှုရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments