တရုတ်နိုင်ငံကအရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရေကြီးရေလျှံမှုကယ်ဆယ်ရေးပစ္စည်းများ သီရိလင်္ကာနိုင်ငံသို့ပေးအပ်



ဒီဇင်ဘာ ၁၀

တရုတ်နိုင်ငံက ပေးအပ်သော အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရေကြီးရေလျှံမှု ကယ်ဆယ်ရေးပစ္စည်းများ ဒီဇင်ဘာ ၈ ရက်နေ့နံနက်ပိုင်းတွင် ကိုလံဘိုမြို့သို့ ရောက်ရှိလာပြီး သီရိလင်္ကာနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Qi Zhenhong၊ သီရိလင်္ကာနိုင်ငံ၏ ဆိပ်ကမ်းနှင့် မြို့ပြလေကြောင်းဝန်ကြီး Anura Karunathilake နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Aruna Jayasekera တို့တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ၏ အချိန်နှင့်တပြေးညီ ပေးအပ်သော အကူအညီများအတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ရှိကြောင်း၊ ပေးပို့ခဲ့သော ထောက်ပံ့ရေးပစ္စည်းများသည် နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသည့်အရာဖြစ်ကြောင်း Anura Karunathilake ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နှစ်ပေါင်းများစွာအတွင်း ခက်ခဲသောအချိန်တိုင်းတွင် သီရိလင်္ကာနိုင်ငံအား အကူအညီအမြဲပေးခဲ့ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ လက်ရှိဘေးအန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် တရုတ်အစိုးရ၊ တရုတ်စီးပွားရေးလုပ်ငန်းများနှင့် သီရိလင်္ကာနိုင်ငံရှိ တရုတ်နိုင်ငံသားများက သိသာထင်ရှားသော ပံ့ပိုးမှုများ ပေးအပ်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏အကူအညီများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး သီရိလင်္ကာနှင့် တရုတ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် တည်တံ့နေမည်ဟု မျှော်လင့်ကြောင်း ၎င်းကထပ်မံအတည်ပြုခဲ့သည်။

လူ ၆၀၀ ကျော်သေဆုံးပြီး လူ နှစ်သန်းကျော် ထိခိုက်ခံစားခဲ့ရသည့် ဒစ်ဝါမုန်တိုင်းကြောင့် မကြာသေးမီက နိုင်ငံတစ်ဝန်းရှိ အိမ်ခြေ ၄၀၀၀ ကျော် ပျက်စီးခဲ့ပြီး အိမ်ခြေ ၆၀၀၀၀ ကျော် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည်ဟု သီရိလင်္ကာနိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန၏ ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.