ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၀၂၅ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၀၂၅၆၂ ဦး၊ သေဆုံးသူ ၄၁၂ ဦး ရှိလာ
ဒီဇင်ဘာ ၂၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၀၂၅၆၂ ဦးနှင့် ယင်းရောဂါဖြင့်သေဆုံးသူ ၄၁၂ ဦး ရှိကြောင်း ဖော်ပြထားသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတွင် နိုဝင်ဘာလက ထိုရောဂါဖြစ်ပွားသူ ၂၄၅၃၅ ဦးရှိပြီး ဒီဇင်ဘာလအတွင်း ရောဂါဖြစ်ပွားသူ ၈၁၆၅ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဝန်ဆောင်မှု (DGHS) မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အဆိုပါရောဂါဖြင့်သေဆုံးသူများတွင် ဒီဇင်ဘာလအတွင်း ၃၀ ဦး၊ နိုဝင်ဘာလက ၁၀၄ ဦး နှင့် အောက်တိုဘာလက ၈၀ ဦး တို့ပါဝင်ကြောင်း ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်ကသွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၀၀၀၀၀ ကျော်နှင့် သေဆုံးသူ ၅၇၅ ဦး ရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်က သွေးလွန်တုပ်ကွေးနှင့်ဆက်စပ်ပြီး သေဆုံးသူ ၁၇၀၅ ဦး ရှိရာ ယင်းရောဂါဖြင့် နှစ်စဉ်သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်သည်။
မုတ်သုံရာသီရောဂါတစ်ခုဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါသည် ပုံမှန်ဇွန်လမှ စက်တင်ဘာလအထိ ကာလထက် ကျော်လွန်ကာ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ရောဂါပိုးရှိသောအေးဒီးစ်ခြင်များကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ရောဂါတစ်ခုဖြစ်ပြီး ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ မောပန်းခြင်း၊ ကြွက်သားနှင့် အဆစ်များ ပြင်းထန်စွာနာကျင်ခြင်း၊ အန်ခြင်းနှင့် အဖုအပိမ့်များထွက်ခြင်းကဲ့သို့သော ရောဂါလက္ခဏာများဖြင့် ပြင်းထန်သောရောဂါကို ဖြစ်စေသည်ဟု သိရသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကို တိုက်ဖျက်ရန်အတွက် ကျန်းမာရေးအာဏာပိုင်များသည် ခြင်များပေါက်ဖွားမှုကို စစ်ဆေးရန်နှင့် ပိုးလောင်းတိုက်ဖျက်ရေးလုပ်ငန်းများ အားကောင်းစေရန် အစီအမံများ ချမှတ်ထားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments