မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာများ၌ Door to Door ဆောင်ရွက်နေသည့် အခြေအနေများအား လိုက်လံကြည့်ရှုအားပေး
နေပြည်တော် ဒီဇင်ဘာ ၄
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်
ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိရေး၊ အသက် ၁၈
နှစ် ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ဒေသခံပြည်သူများ မဲစာရင်းမှန်ကန်စေရေး၊
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာများ အလိုက်
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး Door to Door စနစ်ဖြင့်
မြေပြင် တစ်အိမ်တက်ဆင်း၍ လိုက်လံကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ
ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အောင်နန်းရိပ်သာရပ်ကွက်၊ တနိုင်းမြို့နယ်
ကင်ဆားရာရပ်ကွက်၊ ဒူကောင်းရပ်ကွက်နှင့် ဆင်ဆာ့ကောင်းရပ်ကွက်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)
လားရှိုးမြို့ အမှတ်(၉) ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက်နှင့် အမှတ်(၁၂) ရပ်ကွက်တို့၌လည်းကောင်း၊
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ ညောင်ရွှေဟော်ကုန်း ရပ်ကွက်၊ ကံကြီးရပ်ကွက်၊
ကျောင်းကြီးစု ရပ်ကွက်၊ ကလောမြို့နယ် မြင်းမထိရွာ၊ အောင်ပန်းမြို့ မင်္ဂလာ ရပ်ကွက်၊
နမ့်စန်မြို့ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်၊ ခိုလမ်မြို့ရှိ
အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့၌လည်းကောင်း Door to Door စနစ်ဖြင့် သက်ဆိုင်ရာ
တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်ကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ
တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး
ရပ်ကွက်/ကျေးရွာ များအလိုက် ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှု
အခြေအနေများကို မေးမြန်းကာ မဲဆန္ဒရှင်ပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments