အိန္ဒိယ၏ အကြီးဆုံးလေကြောင်းလိုင်း IndiGo ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ



ဒီဇင်ဘာ ၉

အိန္ဒိယ၏ အကြီးဆုံးလေကြောင်းလိုင်း IndiGo သည် လေယာဉ်မှူးများအပေါ် ချမှတ်ထားသော ပျံသန်းမှုတာဝန် စီစဉ်ရန်ပျက်ကွက်မှုကြောင့် ဒီဇင်ဘာ ၂ ရက်နေ့မှစ၍ လေယာဉ်ခရီးစဉ်ရာပေါင်းများစွာဖျက်သိမ်းခံရပြီးနောက် ၎င်းလေကြောင်လိုင်း၏ပျံသန်းမှုကို အပြည့်အဝ ပြန်လည်ပျံသန်းနိုင်ပြီဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါလေကြောင်းလိုင်း IndiGo ၏ ပြောကြားချက်အရ လေကြောင်းလိုင်းသည် ဒီဇင်ဘာ ၇ ရက်နေ့က လေယာဉ်ခရီးစဉ် ၁၆၅၀ မှ ၁၈၀၀ ကျော် ပျံသန်းခဲ့သည်ဟု သိရသည်။

ထိုလေကြောင်းလိုင်းတွင် လေယာဉ်အစင်းရေ ၄၀၀ ကျော်ရှိပြီး ယခင်က ပြည်တွင်းလေဆိပ် ၉၀ ကျော်နှင့် နိုင်ငံတကာလေဆိပ် ၄၀ တို့မှ နေ့စဉ် လေယာဉ်ခရီးစဉ် ၂၃၀၀ ခန့် ပျံသန်းခဲ့ကြောင်း ဖော်ပြထားသည်။

IndiGo တွင် လုပ်ငန်းလည်ပတ်မှုအကျပ်အတည်းသည် လေယာဉ်မှူးများအတွက် ၁၂ နာရီမှ ၄၈ နာရီအထိ အနားယူရန် ပြဋ္ဌာန်းထားသော ပျံသန်းမှုတာဝန်အချိန်ကန့်သတ်ချက်စည်းမျဉ်းအသစ်များကြောင့် လေယာဉ်မှူးများနှင့် လေယာဉ်အမှုထမ်းများ ပြတ်လပ်မှုကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

IndiGo သည် FDTL စည်းမျဉ်းသစ်များအရ လိုအပ်သော လေယာဉ်မှူးအရေအတွက်ကို မှားယွင်းစွာ ဆုံးဖြတ်မိကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။

နိုင်ငံတစ်ဝန်း IndiGo လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခြင်းကြောင့် မငြိမ်မသက်မှုနှင့် ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့ပြီး ခရီးသည်ရာပေါင်းများစွာသည် လေဆိပ်များတွင် ပိတ်မိနေခဲ့ပြီး အများအပြားမှာ ငွေပြန်အမ်းခြင်းနှင့် ခရီးဆောင်အိတ်များကို စောင့်ဆိုင်းနေကြရကြောင်းနှင့် လေယာဉ်ခများ မြင့်တက်လာခြင်းကြောင့် အစိုးရအနေဖြင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အာဏာများကို အသုံးပြုကာ မြင့်တက်လာသော လေယာဉ်လက်မှတ်ဈေးနှုန်းများကို ထိန်းချုပ်ရန် လေယာဉ်ခများကို ကန့်သတ်ကြောင်း ကြေညာခဲ့သည်။

အစိုးရက IndiGo လေကြောင်းလိုင်း၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကို စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့ပြီး ပြိုလဲမှုအတွက် တာဝန်ယူမှုကို ဆုံးဖြတ်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.