မွန်ပြည်နယ် ဥပဒေချုပ်ရုံး၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

 



မော်လမြိုင် ဇန်နဝါရီ ၂၆

မွန်ပြည်နယ် ဥပဒေချုပ်နှင့် မွန်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသော ဥပဒေအရာရှိများ၏ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အမှာစကားပြောကြား

အစည်းအဝေးတွင် ပြည်နယ် ဥပဒေချုပ် ဦးမြင့်အောင်က မွန်ပြည်နယ်အတွင်းရှိ ဥပဒေရုံး အဆင့်ဆင့်တွင် တာဝန်ထမ်း ဆောင်လျက်ရှိကြသော ဥပဒေအရာရှိများ၊ အရာထမ်းများ၊ အမှုထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်အား မိမိတို့၏ မူဝါဒအဖြစ်မှတ်သား၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဥပဒေအရာရှိများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအရ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့တွင် အဖွဲ့ဝင်များအဖြစ် တာဝန်ပေးထား ပြီးဖြစ်၍ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ကော်မတီဥက္ကဋ္ဌများနှင့် မြို့နယ်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဥပဒေအရာရှိများ အနေဖြင့် မိမိတို့၏ တာဝန်များကို အဂတိတရားများ ကင်းရှင်းစွာ ဆောင်ရွက်ကြရန် အမှာစကား ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မွန်ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ် ဥပဒေ အရာရှိများက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကြုံတွေ့ရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ် ဥပဒေအရာရှိ ဦးအောင်ကိုမြတ်က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြား၍ မွန်ပြည်နယ် ဥပဒေချုပ်  ဦးမြင့်အောင်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.