အမျိုးသားစာပေတစ်သက်တာဆုရ စာပေပညာရှင်ကြီးများအား ရန်ကုန်တက္ကသိုလ် မြန်မာစာမိသားစုက ချီးကျူးဂုဏ်ပြုပွဲကျင်းပ
ရန်ကုန် ဇန်နဝါရီ ၉
၂၀၂၅ ခုနှစ် အမျိုးသားစာပေဆုနှင်းသဘင်တွင် အမျိုးသားစာပေ တစ်သက်တာဆုရ စာပေပညာရှင်
ဆရာမကြီးများ ဖြစ်ကြသော ပါမောက္ခ ဒေါက်တာဒေါ်ပို (မလေးပို)နှင့် ပါမောက္ခဒေါက်တာ ခင်သန်းဦး
(မမိုးမြေ) တို့အား ချီးကျူးဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်
မြန်မာစာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန
ပါမောက္ခ/ဌာနမှူး ဒေါက်တာ လွင်မာဦးက ဂုဏ်ပြုကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး
ဆရာကြီးဦးအောင်သောင်းနှင့် ဆရာမကြီးဒေါက်တာခင်ဆွေမြင့် [ပါမောက္ခ/ဌာနမှူး ( ငြိမ်း )] တို့က ဂုဏ်ပြုခံဆရာမကြီးများနှင့်
သက်ဆိုင်သည့် အမှတ်တရ စကားများပြောကြားကြသည်။
ယင်းနောက် ဂုဏ်ပြုခံဆရာမကြီး နှစ်ဦးတို့ကို
ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနနှင့် ရန်ကုန်တက္ကသိုလ် မြန်မာစာကျောင်းသား ဟောင်းများအသင်းတို့က
ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။
ထို့နောက် ဂုဏ်ပြုခံဆရာမကြီး ပါမောက္ခဒေါက်တာ
ဒေါ်ပို (မလေးပို) နှင့် ပါမောက္ခဒေါက်တာ ခင်သန်းဦး( မမိုးမြေ )တို့က ဩဝါဒအမှာစကားများ ပြောကြားကြပြီး
ရန်ကုန်တက္ကသိုလ် မြန်မာစာ ကျောင်းသားဟောင်းများအသင်းအတွက် အလှူငွေများပေးအပ် လှူဒါန်းကာ
ရန်ကုန်တက္ကသိုလ် မြန်မာစာ ကျောင်းသားဟောင်းများ အသင်းဥက္ကဋ္ဌ မြန်မာစာဌာန တွဲဖက်ပါမောက္ခ
(ငြိမ်း) ဦးမျိုးသန့်က ဂုဏ်ပြုပွဲကျင်းပနိုင်ခြင်းအတွက် ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း
သိရသည်။
မျိုးမင်းသူရ

No comments