ဘင်္ဂလားဒေ့ရှ်နှင့်ပါကစ္စတန်နိုင်ငံအကြား တိုက်ရိုက်လေယာဉ်ခရီးစဉ်များ ပြန်လည်စတင်



ဇန်နဝါရီ ၃၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားအလံလွှင့်ထူထားသော ဘီမန် ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းသည် ၁၀ နှစ်ကျော်ကြာ ရပ်နားထားပြီးနောက် မြို့တော်ဒါကာမှ ပါကစ္စတန်နိုင်ငံ ကရာချီသို့ တိုက်ရိုက်လေယာဉ်ခရီးစဉ်များ ပြန်လည်စတင်ခဲ့သည်။

ဒါကာမှ ပထမဆုံးလေယာဉ် BG-341 သည် ယမန်နေ့ ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင် ဟာဇရတ် ရှာဂျာလာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကရာချီသို့ ထွက်ခွာခဲ့ပြီး ခရီးသည် ၁၃၈ ဦးခန့် လိုက်ပါလာသည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ် အရပ်ဘက်လေကြောင်းနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် ရှိတ် ဘာရှီယာ အူဒင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ပါကစ္စတန် မဟာမင်းကြီး အီမရန် ဟိုက်ဒါတို့သည် လေဆိပ်တွင် ကျင်းပသော အခမ်းအနားတွင် စတင်ပျံသန်းမှုအထိမ်းအမှတ်အဖြစ် ဖဲကြိုးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အမျိုးသားအလံလွှင့်ထူထားသော လေကြောင်းလိုင်းက ဒါကာ-ကရာချီ လေယာဉ်ခရီးစဉ်ကို ကြာသပတေးနှင့် စနေနေ့တိုင်း ပြေးဆွဲမည်ဟု ပြောကြားခဲ့သည်။

တိုက်ရိုက်လေယာဉ်ခရီးစဉ်များ ပြန်လည်စတင်ခြင်းသည် တောင်အာရှနှစ်နိုင်ငံအကြား ခရီးသွားလာမှုကို လွယ်ကူချောမွေ့စေပြီး ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေမည်ဟု မျှော်လင့်ရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်အကြား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာချိန်တွင် တိုက်ရိုက်လေယာဉ်ခရီးစဉ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.