မွေးမြူရေးဆိုင်ရာ သုတေသနနှင့် ဓာတ်ခွဲခန်းလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်လျက်ရှိ

 



နေပြည်တော်  ဇန်နဝါရီ  ၁၄

စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာအောင်ကြီး သည် ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးရေး ဌာန(ပေါင်းငူ)တွင် မျိုးရည် ချောင်းအေးခဲ ထုတ်လုပ်နေမှု၊ မျိုးနွားများ မွေးမြူထားရှိမှု၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးထားရှိမှုနှင့် ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် သီးပင် စားပင်များ မြေလွတ်မြေလပ်များတွင် စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး၊ အရည်အသွေး ကောင်းမွန်သည့် မျိုးရည်ချောင်းများ  ထုတ်လုပ် နိုင်ရေးနှင့် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာ၊ သန့်ရှင်းသော သောက်သုံးရေ အသုံးပြုရန်၊ နွားမွေးခြံများ အစဉ်အမြဲ သန့်ရှင်းမှုရှိစေရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပုလဲမြို့သစ်ရှိ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲအား ကြည့်ရှု စစ်ဆေးပြီး ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန်၊ တိုင်းရင်း ဆေးဝါးများတွင် အသုံးပြုလျက်ရှိသည့်  ပျားရည်များ၏  အစားအစာ ဘေးကင်းလုံခြုံရေး ဂရုပြု ဆောင်ရွက်ရန်၊ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ ထုတ်လုပ်သည့် ပျားရည် အမျိုးအစားအလိုက် အာဟာရပါဝင်မှုကို ဓာတ်ခွဲ သုတေသနပြု ဆောင်ရွက်ရန်နှင့် တစ်နိုင်တစ်ပိုင် ပျားမွေးမြူသူများ ကို စီးပွားဖြစ် မွေးမြူထုတ်လုပ်နိုင်သည်အထိ အားပေးကူညီရန် လိုအပ်ချက်များကို တာဝန်ရှိသူ များအား ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက မင်္ဂလာဒုံမြို့နယ် လှော်ကား ငါးလုပ်ငန်းစခန်းတွင် ဆောင်ရွက်လျက်ရှိသည့် စားဖားများ စမ်းသပ် သားဖောက်ထားရှိမှု၊ ပြည်တွင်း၊ ပြည်ပ ငါးမျိုးသစ်များ စမ်းသပ် သားဖောက်ခြင်း၊ ရှားပါးလာသည့် တိုင်းရင်း ငါးမျိုးစိတ်များ ဖော်ထုတ် သုတေသနပြုခြင်း၊ ငါးသားဖောက်ခြင်းနှင့် မွေးမြူရေး နည်းစနစ်များ ပညာပေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား ငါးဆေးထိုးသားဖောက် စာတွေ့၊ လက်တွေ့သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး၊ သားငါး ရိက္ခာ ဖူလုံပိုလျှံရေးနှင့်  ရှားပါးလာသော ဒေသငါးမျိုးစိတ်များ ထိန်းသိမ်းရေး၊  သဘာဝရေပြင်တွင် ငါးသားပေါက်များ စိုက်ထည့်ပေးရန် ဆွေးနွေးမှာကြားသည်။

 ကြည့်ရှုစစ်ဆေး

ဆက်လက်၍ နို့စားနွားမွေးမြူရေး သုတေသနနှင့် သရုပ်ပြခြံ၏ နို့စားနွား၊ နို့စားကျွဲမွေးမြူထားရှိ မှုအခြေအနေ၊ မေထုန်မဲ့နည်းဖြင့် မျိုးထိန်း၊ မျိုးပွားလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း၊  မျိုးဖြန့်ဖြူးမှုလုပ်ငန်း၊ တိရစ္ဆာန်အစာပင်များ  စိုက်ပျိုးထားရှိမှုနှင့်  စိုက်ပျိုးနည်းစနစ်များ၊  ဒေသနှင့်ကိုက်ညီသော နို့စားနွားမျိုးများ ဖြန့်ဖြူးပေးခြင်း၊ အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.