နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင် လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၇) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်
နေပြည်တော် ဇန်နဝါရီ ၂၁
လေယာဉ်မောင်း သင်တန်း အမှတ်စဉ်(၈၇) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးဇေယျကျော်ထင် စည်သူ ထွန်းအောင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ်ထွန်းဝင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများ၊ နည်းပြဆရာများ၊ ကျောင်းဆင်း လေသူရဲအရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ရောက်ရှိလာပြီး ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။
ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီး ချုပ်(လေ)အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြပြီး နည်းပြလေသူရဲများက အမောင်းသင် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အုပ်ဖွဲ့ ပျံသန်းအလေးပြုကြသည်။
ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ် (လေ)က လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၇)မှ ကျောင်းဆင်းအရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်း အပ်နှင်းသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ)က စံပြလေသူရဲဆုရ လေ ၄၆၁၁ ဗိုလ်ဇေယျာလင်းမောင်၊ လေယာဉ်မောင်းထူးချွန်ဆုရ လေ ၄၆၀၆ ဗိုလ်ပိုင်ခန့်ဟိန်း၊ စာပေထူးချွန်ဆုရ လေ ၄၅၄၅ ဗိုလ်ဘုန်းမင်းသူရိန်တို့အား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ မျိုးချစ်တပ်မတော်တစ်ရပ် ဖြစ်လာစေရန် အတွက် တပ်မတော်(လေ)ရှိ ခေတ်မီ လေယာဉ်/ ရဟတ်ယာဉ်များကို ပျံသန်းမောင်းနှင်မည့် အရည်အချင်း၊ အရည်အသွေးပြည့်မီသော လေသူရဲများမွေးထုတ် ပေးရန်ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အတွက် မျိုးဆက်သစ်လေသူရဲများဖြစ်သည့် ရဲဘော် တို့ကို လေယာဉ်မောင်းသင်ကျောင်းမှ လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်(လေ)ရှိ ပျံသန်းရေးအုပ် အသီးသီးတွင် တန်ဖိုးကြီးမားသည့် အဆင့်မြင့် လေယာဉ်၊ ရဟတ်ယာဉ်များ တာဝန်ယူပျံသန်းမောင်းနှင်ပြီး နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို စတင် ထမ်းဆောင်ရတော့မည်ဖြစ်ကြောင်း။
ပေးအပ်လာသည့် စစ်ဆင်ရေးနှင့်လေ့ကျင့်ရေးဆိုင်ရာ ပျံသန်းရေးတာဝန် များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် အတွက် မိမိကွပ်ကဲကြပ်မတ်ရသည့် တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်၊ စွမ်းရည်နှင့် ကျွမ်းကျင်မှုတို့ကို စနစ်တကျစုစည်းပြီး ပေါင်းစပ် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လက်အောက်ငယ်သားများ၏ လုပ်ကိုင်နိုင်စွမ်းများကို ဦးဆောင်မြှင့်တင် ပေးရမည်ဖြစ်သည့်အတွက် မိမိတို့ ကိုယ်တိုင် စိတ်ဓာတ်၊ စည်းကမ်းနှင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စံနမူနာပြ ဖြစ်အောင် ကျင့်ကြံနေထိုင်သွားကြရန် လိုကြောင်း၊ ရိုးသားဖြောင့်မတ်ပြီး လက်အောက်ငယ်သားများကို ကျောသားရင်သား မခွဲခြားဘဲ ညီညွတ်မျှတစွာ အုပ်ချုပ်သွားရန်လိုကြောင်း။
တပ်မတော်(လေ)သည် စတင်ဖွဲ့စည်းချိန်တွင် အခက်အခဲများစွာကြားက ယနေ့အထိ နိုင်ငံတော်၏ အန္တရာယ် ဟူသမျှကို ချေဖျက်ရင်း ကြံ့ကြံ့ခိုင်ခိုင် တိုးတက် ရပ်တည်နိုင်ခဲ့ခြင်းသည် စည်းကမ်းကို မဏ္ဍိုင်ပြုတည်ဆောက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ အထူးသဖြင့် ပျံသန်းရေးတာဝန်များ ထမ်းဆောင်ရမည့် လေသူရဲများအနေဖြင့် တစ်ကိုယ်ရေ စည်းကမ်း၊ မြေပြင်စည်းကမ်းနှင့် ပျံသန်းရေးစည်းကမ်း စသည့် အခြေခံစည်းမျဉ်း စည်းကမ်းများကို အလေးထားလိုက်နာသွားရန် တိုက်တွန်းပြောကြားလိုကြောင်း၊ လေသူရဲတစ်ဦးအတွက် တစ်ကိုယ်ရေ စည်းကမ်းသည် မိမိကိုယ်ကို အစဉ်တိုးတက်ရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြေပြင် စည်းကမ်းသည် ပျံသန်းမှုမစတင်မီ မြေပြင်တွင် လုပ်ဆောင်ရသည့် လုပ်ထုံး လုပ်နည်းများ၊ အဖွဲ့လိုက်ညှိနှိုင်းဆောင် ရွက်မှုများနှင့့် စစ်ဆေးကြပ်မတ်မှုများကို တိကျစွာ လိုက်နာခြင်းအားဖြင့် အဖွဲ့အစည်း တစ်ခုလုံး၏ ဘေးကင်းလုံခြုံမှုကို တည်ဆောက်ခြင်းဖြစ်ပြီး ပျံသန်းရေး စည်းကမ်းသည် ပျံသန်းရေးနှင့် သက်ဆိုင် သောစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာခြင်းဖြစ်ကြောင်း၊ ယင်းစည်းကမ်းများကို အပြည့်အဝ လိုက်နာခြင်းဖြင့် ပျံသန်းရေးတာဝန်များအပြင် ပေးအပ်လာသည့် တာဝန်အမျိုးမျိုးကို ထမ်းဆောင်ရာ၌ ဘေးကင်းလုံခြုံမှုနှင့် အောင်မြင်မှုများရရှိမည် ဖြစ်ကြောင်း။
စိတ်ဓာတ်မြင့်မားကောင်းမွန်ရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားမှန်ကန်ရန်အတွက် စာကောင်းပေမွန်များ ဖတ်ရှု လေ့လာခြင်းသည် အထောက်အကူများစွာ ရရှိနိုင်သဖြင့် စာဖတ်သည့်အလေ့အကျင့်ကို တည်ဆောက်သွားကြရန် လိုအပ်ကြောင်း၊ မိမိကိုယ်တိုင်သာမက လက်အောက် တပ်ဖွဲ့ဝင်များကိုလည်း စာဖတ်ရန်နှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် အမြဲလေ့လာ ဆည်းပူးနေရန် ကြပ်မတ်သွားရမည်ဖြစ်ကြောင်း၊ စာပေ လေ့လာဖတ်ရှုရာတွင် စာအုပ်စာစောင်အပြင် ခေတ်နှင့်အညီ Digital နှင့် Online Platform များကိုပါ အသုံးပြု လေ့လာကြရန် လိုအပ်ကြောင်း။
စွမ်းအားပြည့်ဝသော ခေတ်မီ တပ်မတော်(လေ)ဖြစ်စေရေး လေယာဉ်/ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် လက်နက်စနစ်များကို ဝယ်ယူ ဖြည့်တင်းခြင်း၊ သုတေသနပြုထုတ်လုပ်ခြင်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း။ လေယာဉ်/ ရဟတ်ယာဉ်များနှင့် လက်နက်စနစ်များကို မောင်းနှင် ကိုင်တွယ်အသုံးပြုရမည် ဖြစ်သဖြင့် ခေတ်မီနည်းပညာများကိုတတ်သိ ကျွမ်းကျင်နေပြီး စွမ်းအားပြည့် ထိထိရောက်ရောက် အသုံးပြုတိုက်ပွဲဝင်နိုင်ရန် စဉ်ဆက်မပြတ်လေ့လာ၍ သင်ခန်းစာဖော်ထုတ် လေ့ကျင့်ပြင်ဆင် သွားရန် လိုအပ်ကြောင်း။
တပ်မတော်(လေ) အနေဖြင့် သမားရိုးကျစစ်ပွဲအပြင် သမားရိုးကျ မဟုတ်သော စစ်ပွဲများနှင့် စိန်ခေါ်မှုများကို ခုခံတွန်းလှန်နိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေး တာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကို ဆတက်ထမ်းပိုး စွမ်းစွမ်းတမံ သယ်ပိုး ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ ပျံသန်းရေးအုပ်အသီးသီးတွင် ရောက်ရှိတာဝန်ထမ်းဆောင်ရာ၌ နိုင်ငံတော်ကာကွယ်ရေး တာဝန်အပြင် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးအတွက် လိုအပ်လာပါက ကျရာတာဝန်အသီးသီးကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရန် စစ်ရေးအသင့်အမြဲရှိနေအောင် လေ့ကျင့် ပြင်ဆင်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (လေ)သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနား အပြီးတွင် ကာကွယ်ရေးဦးစီးချုပ် (လေ)သည် လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ် လေကြောင်းစစ်ဆင်ရေး သင်တန်းကျောင်း ဧည့်ခန်းမ၌ ထူးချွန်ဆု ရရှိကြသည့် လေသူရဲအရာရှိများနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ယနေ့ လေသူရဲ တောင်ပံအပ်နှင်းခြင်း ခံရသူ ကျောင်းဆင်းလေသူရဲအရာရှိများအား သက်ဆိုင်ရာ လေယာဉ်/ ရဟတ်ယာဉ် အမျိုးအစားအလိုက် ပျံသန်းရေးအုပ်များတွင် ဆက်လက် တာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ညပိုင်းတွင် လေယာဉ်မောင်း သင်တန်းအမှတ်စဉ်(၈၇) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်နှင့်ဇနီး၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ်ထွန်းဝင်းနှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်နှင့် ဇနီး၊ တပ်မတော်(လေ)မှ အရာရှိကြီးများနှင့် ဇနီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီး များနှင့်ဇနီးများ၊ နည်းပြဆရာများ၊ ကျောင်းဆင်း လေသူရဲအရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်း လေသူရဲအရာရှိများနှင့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြပြီး တပ်မတော် (လေ) တေးဂီတအဖွဲ့၏ တေးသီချင်းများနှင့် တေးသရုပ်ဖော် အစီအစဉ်များဖြင့် ဂုဏ်ပြု ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့သည်။
ညစာစားပွဲ အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ကျောင်းဆင်းအရာရှိများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
%20%E1%80%9C%E1%80%B1%E1%80%90%E1%80%95%E1%80%BA%E1%80%A1%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%B6%E1%80%A1%E1%80%95%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2(%E1%81%82%E1%81%81-%E1%81%81-%E1%81%82%E1%81%80%E1%81%82%E1%81%86)(4)-1.jpg)
No comments