ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင်တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 



နေပြည်တော် ဇန်နဝါရီ ၈


ပညာရေး ဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင် တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ကျင်းပသည်။


ညှိနှိုင်းဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန ဆရာအတတ်သင်ပညာ ဦးစီးဌာနအောက်ရှိ ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းမှ ပညာရေးဒီဂရီ ကောလိပ်အချို့ကို ဆရာအတတ်သင် တက္ကသိုလ်အဆင့်သို့ မြှင့်တင်ရေး ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းများတွင် အထက်တန်းပြဆရာများ လိုအပ်ချက်ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးရန်နှင့် ပညာရေး ဒီဂရီကောလိပ်များမှ မွေးထုတ်လိုက်သော အလယ်တန်းပြဆရာ၊ ဆရာမလောင်းများ အနက်မှ ထူးချွန်သော ကျောင်းသား ကျောင်းသူများအတွက် ပညာဆက်လက်သင်ယူမှု အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေးဆိုင်ရာ လိုအပ်ချက်၊ ဆရာ ဆရာမ လိုအပ်ချက်၊ တက္ကသိုလ်အင်္ဂါရပ်များနှင့် ပြည့်စုံအောင် ဖြည့်ဆည်းပေးရမည့် အဆောက်အအုံနှင့် သင်ထောက်ကူ ပစ္စည်းလိုအပ်ချက်၊ ဘဏ္ဍာငွေ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များနှင့် ချီးမြှင့်မည့်ဘွဲ့တို့ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြ စေလိုပါ‌ကြောင်း ပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အသေးစိတ် ညှိနှိုင်းဆွေးနွေးတင်ပြသည်။


ယင်းနောက် ပညာရေး တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများက ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.