ဂျပန်နိုင်ငံ၌ နှင်းထူထပ်စွာကျဆင်းနေချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်
ဇန်နဝါရီ ၂၃
ဂျပန်နိုင်ငံ၌ ဆောင်းရာသီလေထုအခြေအနေပြင်းထန်မှုကြောင့် အဓိကအားဖြင့် ဂျပန်ပင်လယ်ဘက်ခြမ်းရှိ ဒေသများတွင် နှင်းထူထပ်စွာကျဆင်းနေကြောင်း မိုးလေဝသဌာနကပြောကြားခဲ့သည်။ နှင်းများဆက်လက်စုပုံလျက်ရှိရာ သယ်ယူပို့ဆောင်ရေးအပေါ် သက်ရောက်မှုများကို အာဏာပိုင်များက သတိပေးပြောကြားလျက်ရှိသည်။
ဟိုကုရီကုနှင့် ကင်ကီဒေသများတွင် နှင်းထုများဖုံးလွှမ်းနေကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။ ဂျပန်ပင်လယ်ဝင်ရိုးစွန်းလေထုအစုအဝေးဇုန် သို့မဟုတ် JPCZ ဟုလူသိများသောဖြစ်စဉ်ကြောင့်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အီရှီကာဝါနှင့် ရှီဂါခရိုင်များအတွက် သိသာထင်ရှားသော နှင်းထူထပ်စွာကျဆင်းမှုဆိုင်ရာ သတင်းအချက်အလက်များကို အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီအထိ အအိုမိုရီခရိုင်ရှိ ဟာကိုဒါတောင်တန်းရှိ ဆူကာယုတွင် နှင်းထုစုပုံမှုသည် ၄ ဒသမ ၃၃ မီတာ၊ နီအီဂါတာခရိုင် အုအိုနူးမာမြို့တွင် ၁ ဒသမ ၈၅ မီတာ၊ ဟော့ကိုင်းဒိုးပြည်နယ် အိုတာရုမြို့တွင် ၁ ဒသမ ၁၀ မီတာ၊ ဟိုယိုဂိုခရိုင် တိုယိုကာမြို့တွင် ၄၆ စင်တီမီတာနှင့် ရှီဂါခရိုင် ဟီကိုနဲမြို့တွင် ၃၁ စင်တီမီတာရှိသည်ဟု သိရသည်။
ဇန်နဝါရီ ၂၃ ရက်နေ့ ညနေပိုင်းအထိ ၂၄ နာရီအတွင်း နီဂါတာစီရင်စုတွင် ၈၀ စင်တီမီတာအထိ၊ တိုဟိုကုနှင့် ဟိုကူရီကုဒေသများတွင် ၇၀ စင်တီမီတာ၊ ဟော့ကိုင်းဒိုး၊ ဂီဖူစီရင်စုနှင့် ကင်ကီဒေသတွင် ၅၀ စင်တီမီတာနှင့် ချူဂိုကုဒေသတွင် ၄၀ စင်တီမီတာအထိ နှင်းများ ကျဆင်းနိုင်ကြောင်း ဖော်ပြထားသည်။
ဂျပန်နိုင်ငံ၏ ပစိဖိတ်ဘက်ခြမ်းတွင်ပင် နှင်းအနည်းငယ်သာ စုပုံနိုင်ပြီး အိုက်ချီခရိုင်ရှိ မြေပြန့်ဒေသများတွင် ၈ စင်တီမီတာအထိ ရှိမည်ဟု ခန့်မှန်းထားသည်။
ယာဉ်ကြောပိတ်ဆို့မှုများသည် ဇန်နဝါရီ ၂၃ ရက်တွင် ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ရာ တိုကိုအီဒို ရှင်ကန်ဆန်ရထားလိုင်း အော်ပရေတာက ယင်းနေ့၏ ပထမဆုံးရထားပြေးဆွဲချိန်မှစ၍ ကျည်ဆန်ရထားများကို မြန်နှုန်းလျှော့ချရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး နှောင့်နှေးမှုများ ဖြစ်နိုင်ကြောင်း သတိပေးပြောကြားထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments