အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်၌ သိုလှောင်ရုံများ မီးလောင်မှုကြောင့် သေဆုံးသူ ၁၉ ဦးရှိလာ



ဇန်နဝါရီ ၂၉

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင်  ကပ်လျက်ရှိသောသိုလှောင်ရုံနှစ်ခု မီးလောင်မှုကြီး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၉ ဦးအထိ မြင့်တက်လာပြီး အများအပြား ပျောက်ဆုံးလျက်ရှိကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်း All India Radio (AIR) က ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါမီးလောင်မှုသည် အနောက်ဘင်္ဂလားပြည်နယ်၏ မြို့တော်ကာလကတ္တားမြို့၏ တောင်ဘက် ၁၂ ကီလိုမီတာခန့်အကွာ နာဂျီရာဘတ်ဒေသတွင် တည်ရှိသော ဂိုဒေါင်တစ်ခုအတွင်း ဇန်နဝါရီ ၂၆ ရက် နံနက်လင်းအားကြီးအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုမီးလောင်မှုတွင် လူ ၂၅ ဦးမှ ၃၀ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ရာ သေဆုံးသူဦးရေ မြင့်တက်လာဖွယ်ရှိသည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် မီးလောင်မှုအကြောင်းရင်းကိုသိရှိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်ရန် ညွှန်ကြားထားပြီး မှုခင်းဆိုင်ရာအဖွဲ့သည် မီးလောင်မှုဖြစ်ပွားရာနေရာမှ အထောက်အထားများကို စုဆောင်းနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် အလုပ်သမားအများအပြားသည်အတွင်း၌ အိပ်ပျော်နေကြသည်ဟု ယူဆရကြောင်း ဒေသခံသတင်းဌာနက ပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားခြင်းသည် လျှပ်စစ်ဓာတ်အားရှော့ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု မီးသတ်ဌာနတာဝန်ရှိသူများက ယူဆထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.