နိုင်ငံတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိစေရေး မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ပြည်သူများ အလုပ်အကိုင်များ အဆင်ပြေချောမွေ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်
နေပြည်တော်
ဇန်နဝါရီ ၉
နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊
ဟိုင်းကြီးကျွန်း တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ
အမှာစကား ပြောကြားသည်။
စစ်ဦးစီး၊
စစ်ရေး၊ စစ်ထောက်ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု
ဦးစွာ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်
ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့်
အဖွဲ့ဝင်များလိုက်ပါ၍ ဟိုင်းကြီးကျွန်းတပ်နယ်သို့ ရောက်ရှိကြရာ
နယ်မြေခံရေတပ်စခန်းဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ရေတပ်စခန်းဌာနချုပ်မှူးက
တပ်နယ်ဆိုင်ရာအချက်အလက်များ၊ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တပ်နယ်သို့ လာရောက်စစ်ဆေးစဉ်
လမ်းညွှန်မှာကြားချက်များကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊
တပ်နယ်အတွင်းနှင့် စည်းရုံးရေးနယ်မြေအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင် ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး၊
လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးတို့အတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊
စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာများ ဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ
အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် သက်သာချောင်ချိရေး
ဆောင်ရွက်ပေးနိုင်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က
ဟိုင်းကြီးကျွန်းတပ်နယ်အနေဖြင့် စစ်ဆင်ရေး၊ လုံခြုံရေး၊
နယ်မြေစိုးမိုးရေးလုပ်ငန်းတာဝန်များကို အောင်မြင်အောင်
ဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ ဒေသလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့်
ပတ်သက်၍ အစဉ်အမြဲဂရုပြုနေရန်နှင့် အလေးအနက်ထား ဆောင်ရွက်သွားရန်လိုကြောင်း၊
ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် စစ်သည်တစ်ဦးချင်းစီအလိုက် ကျန်းမာကြံ့ခိုင် သန်စွမ်းမှုရှိစေရေး၊
ရဲစွမ်းသတ္တိရှိစေရေးနှင့် တိုက်ပွဲဝင်နိုင်စွမ်းရှိစေရေး၊ ကိုယ်စီ လုပ်ငန်းတာဝန်များနှင့်
ကိုင်ဆောင်ရသည့်လက်နက်ပစ္စည်းများ ကျွမ်းကျင်မှုရှိစေရေး လေ့ကျင့် ဆောင်ရွက်ပေးနေရမည်ဖြစ်ကြောင်း၊
တပ်နယ်အတွင်း တရားမဝင်သယံဇာတ ထုတ်ယူနေမှုများ၊ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်နေမှုများ၊
တရားမဝင်မှောင်ခိုသွားလာနေမှုများ မရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက်လည်း
အမြဲမပြတ် ကြပ်မတ်စိစစ် ဆောင်ရွက်သွားရန် လိုကြောင်း။
ကမ်းရိုးတန်းဒေသဖြစ်သဖြင့်
ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို တွက်ချက်၍
ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ သဘာဝဘေး အန္တရာယ်သည်
ရှောင်လွှဲ၍မရနိုင်သော်လည်း ကြိုတင်ကာကွယ်ခြင်းအားဖြင့် ထိခိုက်ပျက်စီးမှုများကို
အနည်းဆုံးဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် ဒီရေတောများနှင့် သစ်တောများစိုက်ပျိုးခြင်းအပါအဝင်
ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျတွက်ချက်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊
တပ်နယ်အတွင်း ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း
အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုပြီး စဉ်ဆက်မပြတ်သည့်
စိုက်ပျိုးမွေးမြူရေးစနစ် ဖြစ်စေရေးတွက်ချက် ဆောင်ရွက်သွားကြရန်လိုကြောင်း၊
တပ်နယ်အတွင်း အသား၊ ငါး၊ ဟင်းသီးဟင်းရွက်ဖူလုံမှုအပြင် ပိုလျှံသည်များကို
ဒေသခံပြည်သူများသို့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးသွားရန်လိုကြောင်း၊ ဆက်သွယ်မှု
အလှမ်းဝေးသည့် ဒေသတစ်ခုဖြစ်သဖြင့် အရာရှိ၊ စစ်သည်များ၏ သက်သာ ချောင်ချိရေးကိုသာမက
မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသမှဒေသခံများ၏ သက်သာ ချောင်ချိရေး အတွက်ကိုလည်း
ဖော်ဆောင်ပေးကြရန်လိုပြီး တပ်တွင်း၊ တပ်ပြင် စည်းရုံးရေး လုပ်ငန်းများကို
အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တပ်နယ်အတွင်း လုံခြုံရေးနှင့်
ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေခံလူထု၏ အကျိုးစီးပွား
ဖော်ဆောင်ရေးတို့ကိုလည်း တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း
မှာကြားသည်။
ထို့နောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်
တပ်နယ်ခန်းမ၌ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား
ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ
ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ)
ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊
အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊
စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အောင်မြင်စွာကျင်းပနိုင်ရေး
ထိုသို့
တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁)
ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် ၁၀၂ မြို့နယ်၌ အောင်မြင်စွာ
ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မည်သည့်ဖိအား
တစ်စုံတစ်ရာမျှမပါရှိဘဲ မိမိတို့၏လွတ်လပ်သည့် သဘောထား ဆန္ဒများအလျောက်
တက်တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာဆန္ဒမဲများ ပေးခဲ့ကြသည်ကို
အားလုံးတွေ့မြင်ခဲ့ကြပြီးဖြစ်ကြောင်း၊ ထိုသို့ ပြည်သူများဆန္ဒမဲပေးနေမှုများကို
နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များကလည်း လာရောက်လေ့လာ တွေ့ရှိ
ခဲ့ကြပြီး ကောင်းမွန်သည့် သုံးသပ်ချက်များရှိခဲ့ကာ လွတ်လပ်ပြီးတရားမျှတသည့်
ရွေးကောက်ပွဲ ဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့ကြကြောင်း၊ မိမိတို့အနေဖြင့်လည်း
ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သမာသမတ်ရှိသည့်
ရွေးကောက်ပွဲ ဖြစ်စေရေးနှင့် သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး
ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ရွေးကောက်ပွဲအပိုင်း
(၂) နှင့် (၃) တို့ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ၏
အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး၊ လုံခြုံစိတ်ချမှုအပြည့်ဖြင့်
ဆန္ဒမဲများပေးနိုင်ရေး အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ဆန္ဒမဲများပေးရာတွင်လည်း
ဒေသအကျိုး၊ နိုင်ငံတော်အကျိုးကို ဖော်ဆောင်ပေးနိုင်မည့်သူ၊ အမျိုး ဘာသာ သာသနာအကျိုးကို
ဖော်ဆောင်ပေးနိုင်မည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်း နိုင်သူ၊
နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့်
တရားဥပဒေစိုးမိုးရေး အမြင်ရှိသူ၊ နိုင်ငံတော်တည်နေသရွေ့ အခိုင်မာဆုံးသောအဖွဲ့
အစည်းအဖြစ်တည်ရှိနေသည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်မည့်သူများကို
ရွေးချယ်၍ ဆန္ဒမဲပေးကြရန်လိုကြောင်း၊ ရွေးကောက်ပွဲအပိုင်း (၁) ရလဒ်များကိုလည်း
ပြည်သူများအားလုံး ပွင့်လင်းမြင်သာစွာသိရှိနိုင်ရေး ထုတ်ပြန် ကြေညာပေးခဲ့ပြီး
ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ နိုင်ငံ့အရေးကို လေးလေးနက်နက်ဖြင့် ဆောင်ရွက် လိုသည့်
နိုင်ငံရေးသမားစစ်စစ်များ လိုအပ်နေဆဲဖြစ်သည်ကို ဖြတ်သန်းလာမှု အတွေ့အကြုံများအရ
တွေ့ရှိရကြောင်း။
အသိပညာ၊
အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ရေး
ပညာသင်ကြားရေးနှင့်ပတ်သက်၍
မကြာခင်ကာလအတွင်း အခြေခံပညာကျောင်းများ၌ အတန်းတင် စာမေးပွဲများ
ကျင်းပတော့မည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများစာမေးပွဲကို အောင်မြင်စွာ ဖြင့်
ဖြေဆိုအောင်မြင်နိုင်ရေး တာဝန်ရှိသူများနှင့် မိဘများက ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်
လိုကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားရေးအတွက် မိဘများအနေဖြင့်
ငွေကြေးကုန်ကျမှုများရှိသကဲ့သို့ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း
အချိန်များပေး၍ ပညာသင်ကြားကြရခြင်းဖြစ်သဖြင့် အတန်းတင်စာမေးပွဲများကို
အောင်မြင်စွာဖြင့်ဖြေဆိုနိုင်ရေး မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို
တိုက်တွန်းအားပေး ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် မိသားစုဝင်
ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလကို
အကျိုးရှိရှိအသုံးချနိုင်ရေး ယဉ်ကျေးလိမ္မာသင်တန်း၊
ကွန်ပျူတာပညာအခြေခံသင်တန်းနှင့် အခြား အကျိုးရှိစေမည့် သင်တန်းများကို
ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အလားတူ တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင်
ထူးချွန်စွာအောင်မြင်ကြသည့် တပ်မတော်သားမိသားစုဝင် ကျောင်းသား
ကျောင်းသူများကိုလည်း ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးများ
စေလွှတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် ပညာရေးကို အလေးထား
မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ အရာရှိ၊ စစ်သည်များ အနေဖြင့်လည်း မိမိတို့၏
သားသမီးများ ထူးချွန်မှုရှိစေရေး ပညာရေးကို အားပေးဆောင်ရွက်ပေးကြစေလိုကြောင်း။
မိမိတို့နိုင်ငံ၏
ဖြတ်သန်းလာခဲ့သည့် သမိုင်းကြောင်းအခြေအနေများကို လေ့လာသုံးသပ် ကြည့်မည်ဆိုပါက
ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ပညာရေးကို
အလေးထားမြှင့်တင်ခြင်းအားဖြင့် နိုင်ငံတော်၏ အနာဂတ်ကို ကောင်းမွန်အောင် ဖော်ဆောင် သွားကြရမည်ဖြစ်ကြောင်း၊
အတန်းပညာရှိမှသာလျှင် အတတ်ပညာနှင့် အသိပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း၊
အတတ်ပညာသည် လူတော်ဖြစ်စေနိုင်ပြီး အသိပညာသည် လူကောင်း ဖြစ်စေနိုင်ခြင်းကြောင့်
လူတော်လူကောင်းများဖြစ်လာစေရေး အတတ်ပညာသာမက အသိပညာများ ပါကြွယ်ဝသည့်
လူသားအရင်းအမြစ်ကောင်းများ ရရှိလာစေရေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ
စာသင်ကျောင်းက” ဆိုသည့်အတိုင်း အတန်းပညာများ
တက်ရောက်မှုအပေါ်တွင် မူတည်၍ ၎င်းတို့၏ အသိပညာ၊ အတတ်ပညာသိရှိမှုနှင့် စည်းကမ်း လိုက်နာမှုများ
ကွာခြားသွားကြသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ငယ်ရွယ်စဉ် ကလေးဘဝ ကတည်းက
ပညာကိုပြည့်ဝစွာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း။
နိုင်ငံရေးသည်
ပညာရေးနှင့်ဆက်နွှယ်လျက်ရှိပြီး နိုင်ငံအတွင်း ပညာတတ်လူသားအရင်းအမြစ်များ
ပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
ထို့ကြောင့် မိမိတို့ အနေဖြင့် နိုင်ငံ၏ ပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရန်အတွက် KG+9
အဆင့်အထိ မဖြစ်မနေ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပညာရေးသည်
နိုင်ငံတော်၏ အနာဂတ် အတွက် အရေးကြီးကြောင်း၊ ထို့ကြောင့် KG+9 အထိ မသင်မနေရ ဆောင်ရွက်နေခြင်း ဖြစ်ပြီး နိုင်ငံတော်၏ ပညာရေးကဏ္ဍ
အဆင့်မြှင့်တင်နေခြင်းပင်ဖြစ်၍ စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း၊
အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာများ တတ်ကျွမ်းသည့် လူသားအရင်းအမြစ်များ
မွေးထုတ်ပေးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပညာ
ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း၊ အလားတူ
လာမည့်ပညာသင်နှစ်တွင်လည်း Grade- 7 မှ Grade-9 အထိ ကျောင်းသား ကျောင်းသူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များကို
အခြေခံအဖြစ် သင်ကြားပေးနိုင်ရန် ဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု ရှိစေရေး မိမိတို့အနေဖြင့်
ဒီမိုကရေစီ နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းပြီး
တရားဥပဒေစိုးမိုးမှု ရှိမှသာ ပြည်သူများ အလုပ်အကိုင်များအဆင်ပြေချောမွေ့ပြီး
နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း။
နိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့်
အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်သဘောတူညီချက်များ
ထားရှိပြီးဖြစ်ကြောင်း၊ နယ်စပ်ဒေသများနှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
၎င်းဒေသများ၌ တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် ပညာတတ်များ ပေါကြွယ်ဝရန်
မဖြစ်မနေလိုအပ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးအားနည်းသည့်ဒေသများတွင်
ပညာတတ်များပေါကြွယ်ဝစေရေး မိမိတို့အနေဖြင့် ပညာရေးကို
အားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ရရှိအောင်
ပညာရည်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသဖွံ့ဖြိုး တိုးတက်ရေး
လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများအနေဖြင့်
တိုင်းရင်းသား အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်နိုင်ရေး
ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ နောင်တက်လာမည့် အစိုးရလက်ထက်တွင်လည်း
အဆိုပါပညာရည် မြင့်မားရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊
နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်၌ တည်ငြိမ်အေးချမ်းစွာဖြင့်
လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း။
ဟိုင်းကြီးကျွန်းဒေသသည်
ဝေးလံသည့်ဒေသတွင်တည်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့၏ စားရေးကို တစ်ဖက်တစ်လမ်းမှ
အထောက်အကူပြုစေမည့် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး
လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ တပ်မတော်သားများ၏ သက်သာ ချောင်ချိရေးအတွက်
တပ်မတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဘဝကို
ထိခိုက်စေနိုင်သည့် အသောက်အစား အပျော်အပါးများကို တတ်နိုင်သမျှ
ရှောင်ကြဉ်ကြရန်လိုကြောင်း၊ နေ့စဉ်ဆောင်ရွက်ရမည့် သမားစဉ်လုပ်ငန်းများသည်
တပ်မတော်၏ ကောင်းမွန်သည့် အလေ့အကျင့် ကောင်းများဖြစ်သဖြင့် မိမိကိုယ်တိုင်နှင့်
မိမိတို့၏ မိသားစုများကိုလည်း ကောင်းမွန်သည့် အလေ့အကျင့်များဖြစ်အောင်
ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်
တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များအား
မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က
အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ
တပ်နယ်မှူးက လက်ခံရယူသည်။
ထို့နောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် ဟိုင်းကြီးကျွန်းမြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုခဲ့ပြီး
သမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြရာ
ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် စေတီတော်ကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်နှင့် သောက်တော် ရေချမ်းတို့ကို
ကပ်လှူပူဇော်ပြီး လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုသည်။ ယင်းနောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်
ရေးဦးစီးချုပ်သည် စေတီတော် ရင်ပြင်တော် တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်း
ဆောင်ရွက်ခဲ့မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏
တင်ပြချက်များအပေါ် စေတီတော်ပရိဝုဏ်နှင့် သာသနိကအဆောက်အအုံများအတွင်း
ရေဝင်ရေထွက်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသပ္ပာယ်ကြည်ညိုဖွယ်ဖြစ်စေရေး ဆောင်ရွက်သွားရန်၊
တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာ၌ ရာသီဥတုဒဏ်ခံနိုင်မှုရှိစေရေး စနစ်တကျ
တွက်ချက်ဆောင်ရွက်သွားရန်၊ ဘုရားဖူးလာ မိဘပြည်သူများ အဆင်ပြေစွာဖြင့်
တည်းခိုနေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်နှင့် အခြားလိုအပ်သည်များကို
လမ်းညွှန်မှာကြားသည်။
ဆက်လက်၍
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က
စေတီတော်ကြီးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက
လက်ခံရယူခဲ့ကြပြီး ဓမ္မလက်ဆောင် ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments